ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ စစ်ကောင်စီရဲ့ ဗထူးတပ်မြို့ တည်ရှိရာဒေသ အင်တောမြို့မှာ နာမည်ကြီး ပျူစောထီး ခေါင်းဆောင်ဆိုသူရှင်းလင်း ပစ်သတ် ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဩဂုတ်လ၊ ၁၃ ရက်နေ့ ည ၉ နာရီခန့်မှာ အင်တောမြို့၊ အမှတ် (၆) ရပ်ကွက် နေအိမ်မှာ အမည်မသိ လူတစ်စုက သေနတ်နဲ့ လာရောက် ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
“ရှင်းခံရချိန် ထင်တယ် သေနတ်သံ ၅ ချက်လောက် ကြားရတယ်။ ပြီးတော့ ၁၀ မိနစ်လောက်မှာ သေနတ်သံ ၁၀ ကျော် ထပ်ကြားလိုက်ရတယ်။ ဒီမနက်ကျတော့ ကိုဆန်းညွန့် ပစ်သတ်ခံရမှန်း သိလိုက်ရတာ” လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
ရှင်းလင်းခံရတဲ့သူဟာ အသက် ၅၀ ခန့်ရှိပြီး အင်တောမြို့နဲ့ ကျောက်ဂူမြို့တွေမှာ ပျူစောထီး ခေါင်းဆောင် အဖြစ် စစ်ကောင်စီ အလိုကျ လုပ်ကိုင်နေတာ ၁၀ နှစ်မက ရှိပြီလို့ ဒေသခံတွေက ပြောဆိုပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်မပြုနိုင် သေးပါဘူး။
အဲ့ဒီနယ်အတွင်းမှာ နိုင်ငံရေးနဲ့ တော်လှန်ရေး လှုပ်ရှားသူတွေကို သူက သတင်းပေး ဖမ်းဆီးတာတွေ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။
“အင်တော၊ ကျောက်ဂူမှာ သူက ခေါင်ပေါ့။ သူ့သားက ရဲတပ်သားလေ။ အဲ့ဘက်က ဖမ်းခံရသူတိုင်း သူနဲ့သူ့သား လက်ချက်ကနေ သိပ်မလွတ်ကြဘူး” လို့ အင်တောမြို့နေ ဒေသခံ တစ်ဦးက ပြောပြပါတယ်။
အာဏာသိမ်းပြီး ၃ နှစ်ကျော်အတွင်း ဗထူးတပ်နယ်အတွင်း အခုလို စစ်ကောင်စီ ဘက်တော်သားလို့ သတ်မှတ်ခံရသူ ရှင်းလင်းခံရတာ ပထမဆုံး ဖြစ်တယ်လို့ သိရပါတယ်။