မန္တလေးမြို့က စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတွေကို PDF ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အုပ်စုက ဖမ်းဆီးပြီးနောက် ကျပ်သိန်းသောင်းချီ တန်ဘိုးရှိတဲ့ နေအိမ်နဲ့ စီးပွားရေး လုပ်ငန်းကို ချိတ်ပိတ် သိမ်းယူလိုက်တယ်လို့ စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ဒီနေ့ သြဂုတ်(၁၃)ရက်မှာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ မန္တလေးမြို့လည်ခေါင်၊ လမ်း(၈၀)နဲ့ (၈၁)လမ်းကြား၊ လမ်း(၃၀)ပေါ်က စာရေးကိရိယာ ရောင်းဝယ်ရေးဆိုင်ကို စစ်အုပ်စုက စီးနင်းဝင်မွှေပြီးနောက် ဆိုင်ပိုင်ရှင် မိသားစုဖြစ်တဲ့ အမျိုးသမီးသုံးဦးနဲ့ ဆွေမျိုးတစ်ဦး၊ စုစုပေါင်း အမျိုးသမီး လေးဦးကို ဖမ်းဆီးတာ ဖြစ်ပါတယ်။
အဲဒီ ဆိုင်ပိုင်ရှင် အမျိုးသမီးက မဲခေါင်သတင်းဌာနရဲ့ ဖေ့စဘွတ်မှာ မှတ်ချက် ရေးသားခဲ့တယ်ဆိုပြီး စစ်လော်ဘီတွေက တယ်လီဂရမ်ကနေ ဖမ်းခိုင်းပြီးတဲ့နောက် စစ်အုပ်စုက အခုလို ဖမ်းဆီးတာ ဖြစ်တယ်လို့ စစ်လော်ဘီတွေက အောင်ပွဲခံပါတယ်။
“ဘာမှမဆိုင်တဲ့ ညီမဖြစ်သူတွေပါ ဖမ်းပြီး ဆိုင်ကိုပါ ချက်ချင်း ချိတ်ပိတ်သွားတယ် “လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက အဲ့ဒီ စာရေးကိရိယာဆိုင်ကို စီးနင်းဝင်မွှေ လုယက် ဖမ်းဆီးချိန် ဆိုင်ပိုင်ရှင်ကို သာမက ဆိုင်မှာတွ့တဲ့ ဆွေမျိုးတော်စပ်သူ အမျိုးသမီးတွေကိုပါ အနိုင်ကျင့် ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။