ရေဖြူမြို့နယ်၊ ဧကနိရွာက ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဒီကနေ့မွန်းလွဲပိုင်းလောက်ကစပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧကနိရွာတဝိုက်မှာရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွာထဲကနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတာလို့ ဆိုပါတယ်။
“မီးခိုးတွေကို အဝေးက မြင်နေရတယ်။ အရေအတွက် များတယ်ဗျ။ အိမ် ၃၀ လောက်အထိ ရှို့ခံနေရတယ်ကြားတယ်” ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရထားတဲ့နေအိမ်အရေအတွက်ကိုတော့ ဒေသခံတွေ မြေပြင်သွားရောက်ကြည့်ရှု့ဖို့ မတတ်နိုင်သေးတဲ့အတွက် အတိအကျ မသိရသေးပါဘူး။
အခုညနေ ၄ နာရီလောက်မှာလည်း ဧကနိရွာတဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို ကြားနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုတွေရဲ့ အခြေအနေ အသေးစိတ်ကိုလည်း မသိရသေးပါဘူး။
ကျေးရွာတွေကို မီးရှို့နေတဲ့ အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၈ ရက်နေ့ကစလို့ ရေဖြူမြို့နယ် နဘုလယ်ဒေသနဲ့ အနီးအနားရွာတွေကို စစ်ကြောင်းထိုးသွားလာနေတာဖြစ်ပြီး ဒေသခံအများအပြားကိုလည်း လူသားဒိုင်းပုံစံဖမ်းဆီးထားတာပါ။
စစ်ကောင်စီစစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် အခုမီးရှို့ခံနေရတဲ့ ဧကနိရွာအပါအဝင် ကျေးရွာ ရှစ်ခုလောက်က ဒေသခံတွေဟာ အခုလဆန်း ၈ ရက်လောက်ကတည်းက စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။
အခုလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ကလည်း ရေဖြူမြို့နယ်ထဲက ဝဇွမ်းတောရွာကို ရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းက ရွာထဲက နေအိမ်အဆောက်အအုံတွေကို မွှေနှောက်ဖျက်ဆီးခဲ့သလို၊ နေအိမ် ၂ ဆောင်နဲ့ တဲတစ်ဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။