ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်နယ်မြေရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဟိန္ဒားရွာခံတွေကိုလူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်ပိုင်း အင်အား ၁၀၀ ဝန်းကျင်နဲ့ကျောက်မဲတောင်ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ မနက် ၁၀ နာရီခွဲဝန်းကျင်လောက်မှာတော့ ဟိန္ဒားရွာအပြင်ဘက် သတ္တုမိုင်းလုပ်ကွက်တွေထဲကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီနောက် တပိုင်တနိုင် ခဲရှာလုပ်ကိုင်နေတဲ့ အမျိုးသား၊ အမျိုးသမီးအများအပြားကို ထိုင်ခိုင်းထားပြီး အဲဒီထဲကအမျိုးသား ၄ ဦးခန့်ကိုဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။
“လူသားဒိုင်းပုံစံလုပ်သွားတာ။ သားအဖသုံးယောက်ကို စဖမ်းတယ်။ ပြီးတော့ အဖေကိုပြန်လွှတ်ပြီး နောက်ထပ် အမျိုးသားနှစ်ယောက်ကို ထပ်ဖမ်းခေါ်သွားတာ” လို့ဟိန္ဒားဒေသခံတစ်ဦးကပြောပါတယ်။
ဖမ်းဆီးသူတွေကို စစ်ကောင်စီတပ်သားတွေရဲ့ ခြင်းကြားတွေ၊ ပစ္စည်းအိတ်ထမ်းပိုးခိုင်းပြီး ဟိန္ဒားနဲ့ ဘဝပင်ရွာကြားက ကင်းပွန်းချူံရွာဘက်ကို လမ်းပြခိုင်းကာ ခေါ်သွားတယ်လို့လည်းသိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ လကုန်ပိုင်းကလည်းဟိန္ဒားရွာတဝိုက်ကို စစ်ကောင်စီစစ်ကြောင်းတစ်ခုရောက်ရှိလာခဲ့ပြီး ရက်ပိုင်းအကြာမှာပဲပြန်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။
ခြေလျှင်သွားလာနေတဲ့ စစ်ကြောင်းတွေအပြင် ဟိန္ဒားရွာထိပ်မှာလည်း စခန်းအခိုင်အမာနဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်လောက် ရှိနေပါသေးတယ်။
အဲဒီ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကတော့ စခန်းအပြင်ကိုသိပ်မထွက်ဘဲ မကြာခဏ လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်တာတွေကိုပဲ ပြုလုပ်နေတယ်လို့ သိရပါတယ်။