စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးရှိ ဝမ်ပေါင်ကုမ္ပဏီ၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေပြီး ပြည်သူ ၇ ဦးထက် မနည်း ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်၁၄ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မြန်မာဝမ်ပေါင်ကုမ္မဏီတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်က ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာများမှ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၇ ဦးထက် မနည်းကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဖမ်းဆီးခံထားရသူများထဲတွင် ကံကုန်းရွာမှာ ပြည်သူ ၅ ဦးကို အတည်ပြုနိုင်ပြီး ဒုန်းတော ကျေးရွာမှလည်း ၅ ဦးခန့် ဖမ်းဆီးခံထားရသည်ဟု ကြားသိရပြီး စုစုပေါင်း ၇ ဦးဖမ်းဆီးခံထားရသည်ကို အတည်ပြုနိုင်ကြောင်း၊ ပြည်သူများမှာ စစ်ဘေး ရုတ်တရတ် ရှောင်ပြေးရသည်ဖြစ်၍ လူစုကွဲနေကြပြီး ဖမ်းဆီးခံထားရသူဦးရေ ပိုမိုများပြားနိုင်ကြောင်း သိရသည်။
“စစ်ကြောင်းထိုးတာကရုတ်တရက်ဆိုတော့အချို့လည်းမသိလိုက်ဘူး။ စစ်ဘေးရှောင်ရင်း လူစုကွဲနေတာဆိုတော့ ၁၀ယောက်ထက်လည်း ပိုကောင်းပိုနိုင်မယ်။ လူစုကွဲ ဖုန်းလိုင်းမကောင်း ။ ဒါကြောင့်အတည်ပြုဖို့ ခက်တယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် ပြည်သူများကို ဖမ်းဆီး၍ ယမားတံတားမြောက်ဘက်သို့ ခေါ်ဆောင်သွားသည်ဟုသာ ကြားသိရပြီး အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။