ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊တိမ်မြုပ်ကျေးရွာ အခြေစိုက် ခမရ ၆ တွင် စစ်ဗိုလ်တစ်ဦးကို တပ်သားက ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဩဂုတ်လ ၁၁ ရက်နေ့ အုတ်ဖိုမြို့နယ်၊ တိမ်မြုပ်ကျေးရွာအခြေစိုက် ခမရ ၆ တွင် တပ်ခွဲမှူး တာဝန်ယူထားသော စစ်ဗိုလ်အရာရှိက တပည့်ဖြစ်သူကို သေနတ် ကျည်ရှင်းခိုင်းကြောင်း၊ ယင်းနောက် တပည့်ဖြစ်သူ စစ်သားက သေနတ် ထဲတွင် ကျည်များထုတ်ပြီးချိန်တွင် ချိန်ရွယ် စမ်းသပ် ပစ်ခတ်လိုက်ရာ ကျည်ထိထွက်လာပြီး စစ်ဗိုလ်၏ လည်ပင်းသို့ ထိမှန်သွားကာ ပွဲချင်းပြီး သေ ဆုံး သွားကြောင်း သိရှိရသည်။
“ညပိုင်း စစ်ဗိုလ်က သူ့တပည့်ကို သေနတ် ကျည်ရှင်းခိုင်းတယ်။ တပည့် စစ်သားက ကျည်မရှိဘူးထင်ပြီး စစ်ဗိုလ်ဘက်ကို လှည့်ပြီးပစ်လိုက်တာ ကျည်၁ တောင့်က သေနတ်မှာ ကျန်ပြီး ကျည်ထွက်သွားလို့ စစ်ဗိုလ်ရဲ့ လည်ပင်းကို ကျည်မှန်တယ်။ ပြည်ဆေးရုံကိုပို့ရင်း သေသွားပါတယ်။ ဖြစ်စဉ် က ဩဂုတ်လ ၁၁ ရက်နေ့မှာဖြစ်တာ။ ပစ်ခတ်တဲ့ စစ်သားလည်း အဖမ်းခံ ထားရတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။
ပစ်ခတ်မှုကြောင့် စစ်ဗိုလ်သေဆုံးသည့်သတင်းကို ပြင်ပသို့ ပေါက်ကြားမှု မရှိစေရန် စစ်တပ်က တပ်တွင်း မိသားစုများကို အပြင်နှင့်ထိတွေ့ဆက်ဆံခွင့် ပိတ်ပင်ထားကြောင်း၊ သို့ရာတွင် ဖြစ်စဉ်နှင့် ပတ်သက် ၍ ဖုံးဖိထားမရဘဲ သတင်း ပေါက်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။