ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စစ်ကောင်စီတပ်က အကြမ်းဖက် သတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ပြည်သူ အယောက် ၄၀ ကျော်ရှိလာပြီလို့ စောင့်ကြည့်လေ့လာမှတ်တမ်းပြုနေတဲ့ ဓနုတိုင်းရင်းသားလူငယ်အဖွဲ့ကနေ သိရပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက ပင်းတယနဲ့ ရွာငံမြို့နယ်မှာ အရပ်သား ပြည်သူလူထုတွေကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က သတ်ဖြတ်တာတွေ လုပ်ခဲ့တာလို့ ဓနုလူငယ်အဖွဲ့ ပြောခွင့်ရသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ခွဲကျော် ကာလအတွင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးရွာတွေမှာ ပြည်သူ့နေအိမ်ပေါင်း ၅၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေအိမ် အလုံး ၂၀ ကျော်ကို ချိတ်ပိတ်ကာ ရွေးကောက်ခံ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့ လူငယ်တွေကိုလည်း အဓမ္မဖမ်းဆီး ထောင်ချခဲ့တယ်လို့ ဓနုလူငယ်အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုတွေရဲ့ နေအိမ်တွေ၊ သာသနိက အဆောက်အဦတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးပေးခန်းတွေကို မီးရှိုးဖျက်ဆီးခဲ့တာဆိုရင် စုစုပေါင်း ၈၂၀၀၀ ဝန်းကျင်ရှိပြီလို့ ISP- Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းမှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်က သတ်ဖြတ်လို့ သေဆုံးသူပေါင်း ၃၉၃၃ ဦးရှိပြီး ဖမ်းဆီးခံရသူပေါင်းက ၂၄၂၆၅ ဦးရှိကာ အဲ့ဒီထဲက ၁၉၇၅၈ ဦးကတော့ ထိန်းသိမ်းခံနေရဆဲပဲလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင်ရေးအသင်း (AAPP) က သြဂုတ် ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။