ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပေါ်က သင်္ကန်းတုံးရွာအနီးမှာ ဒီနေ့မွန်းလွဲ ၁ နာရီကျော်လောက်က စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။
ဝကုန်းရွာကနေ လမ်းမကြီးအတိုင်းဆင်းလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို သင်္ကန်းတုံးရွာ တံတားအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
နှစ်ဖက်အဖွဲ့တွေက လက်နက်ကြီး၊ ငယ်တွေနဲ့ အချိန် ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကထိခိုက်မှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က ပြောဆိုတာ ရှိပါတယ်။
“ဒီကောင်တွေ ပစ်ခံရတဲ့အချိန်လဲကျသွားတာတွေရှိတယ်။ အသေးစိတ်တော့မသိရသေးဘူး။ ကျနော်တို့ စီစစ်နေတုန်းပါပဲ” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်ကတော့ ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဝကုန်းရွာကထွက်လာချိန်မှာလည်း ရွာထဲကအမျိုးသားနှစ်ဦးကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးပြန်လွတ်လာတာ ရှိ၊မရှိကိုတော့ မသိရသေးပါဘူး။
တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လိပ်ကြယ်ပြောင်ရွာ ဘုန်းကြီးကျောင်းကို အခုညပိုင်းမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းသွားတဲ့လမ်းတလျှောက်က ကျေးရွာတွေဖြစ်တဲ့ ဘဝပင်၊ ဝကုန်း၊ သင်္ကန်းတုံးနဲ့ လိပ်ကြယ်ပြောင်ရွာတွေက ဒေသခံတွေကတော့ လက်ရှိမှာ နေအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရပါတယ်။
အလားတူ စစ်ကောင်စီစစ်ကြောင်းရှိနေတဲ့ ထားဝယ်-ထီးခီးလမ်းပေါ်မှာလည်း လမ်းသွားလမ်းလာမရှိဘဲ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။