မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
သြဂုတ်လ ၁၈ ရက်နေ့တွင် တောင်ဦးရွာဘက်မှလာသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြိုင်မြို့နယ်၊ ကွမ်းတောရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့ကြောင်းသိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး လက်ရှိချိန်ထိ ကွမ်းတောရွာအတွင်း တပ်စွဲထားကာ ကျေးရွာနေ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကန်နီရွာရှိ ပျူစောထီးများက ရိက္ခာ ပြတ်တောက်နေခြင်းကြောင့် ငွေပေး ခေါ်ခြင်းဖြစ်ကြောင်း၊ ကန်နီ ပျူစောထီးရွာ အနီးတစ်ဝိုက်တွင် နေထိုင်သော ပြည်သူများအနေဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် ရှောင်ရှား ကြရန် မြိုင်ပကဖ က သတင်းထုတ်ပြန်ထားသည်။