ရွှေနဲ့ဒေါ်လာ ဈေးနှုန်း အဆမတန်မြင့်လို့ဆိုပြီး စစ်ကောင်စီက အင်အားပြ ဖမ်းဆီးမှုတွေပြုလုပ်လာတာကြောင့် လုပ်ငန်းရှင်များ ထွက်ပြေးတိမ်းရှောင်မှုတွေပြုလုပ်နေရတယ်လို့ ရန်ကုန်မြို့ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီနေ့ ရွှေနဲ့ဒေါ်လာဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာကြောင့် စစ်ကောင်စီတပ်သားအများအပြားပါတဲ့ စစ်ကားကြီးများ ရန်ကုန်မြို့ရှိ ရွှေဆိုင်အများအပြားရှိရာ ရွှေဘုံသာလမ်း တစ်လျောက်မှာ အင်အားပြ စစ်ဆေးမှုတွေပြုလုပ်နေပြီး ဖမ်းဆီးမှုတွေရှိတယ်လို့ သိရပါတယ်။
“ရွှေဈေးတက်တာက ဒေါ်လာအလူးအခတ်တော်တော်များလို့ ဖြစ်တာ၊ဈေးတက်လို့ လိုက်ဖမ်းနေပြီ၊ လုပ်ငန်းရှင်တွေထဲ့မှာ ညကတည်းက သတင်းရတဲ့သူတွေက ရှောင်လိုက်ပြီ၊ တစ်ချိူ့က အရင်လိုဘဲထင်ပြီး မနက်မှရှောင်ကြတယ် ၊ တစ်ချို့တော့မိတယ်ပြောတယ်၊ အခုမြို့ထဲမှာ လူတွေခြောက်ကပ်သတ်နေပြီး၊ သူတို့က ကားတွေမှာ လူအပြည့်တင်ပြီးပတ်နေတယ်၊ ရွှေဆိုင်တွေကို လိုက်စစ်နေတယ်၊ အသင်းရုံးမှာလည်း ကားတွေရပ်ပြီး တစ်ခုခုတော့ လုပ်တော့မယ်လို့ ယူဆတယ်” လို့ ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်သားတွေ အင်းအားပြ သွားလာနေတာကြောင့် ရန်ကုန်မြို့အနေအထားမှာ လူသွားလူလာများတဲ့ နေရာများတွင်ပင် ခြောက်ကပ်တိတ်ဆိတ်လျက်ရှိပြီး၊ ရွှေဆိုင်များမှာတံခါးတစ်ဝက်ပိတ်ကာ ရောင်းချမှုတွေရှိနေပါတယ်။
ဒီနေ့ ရွှေနဲ့ ဒေါ်လာလုပ်ငန်းရှင်တွေကို ဖမ်းဆီးခံရတဲ့ အခြေနေအသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။