ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင် ပြည်သူတွေနဲ့ ဒေသခံတွေကို ကုသပေးနေတဲ့ မူကယန်း လူမှုကူညီရေးအသင်း ဆေးခန်းမှာ အခုလအတွင်း ဆေးဝါးတွေ ပြတ်လပ်လာလို့ ဖြည့်တင်းဖို့ လိုအပ်နေတယ်လို့ ဆေးခန်း တာဝန်ခံ တစ်ဦးက ပြောပါတယ်။
အခု မိုးရာသီကာလ ၃ လအတွင်းမှာ လူနာတွေ များပြားလာပြီး ပြီးခဲ့တဲ့လက လူနာ ၁,၂၀၀ ကျော် ကုသပေးခဲ့ပြီးနောက် အခုလို ဆေး၀ါးတွေ ပြတ်လပ်လာတာလို့ ဆိုပါတယ်။
“ဆေးတော်တော်များများက ပြတ်နေတယ်ပေါ့နော်။ အဓိကက အလှူငွေ ပြတ်နေတယ်ပေါ့။ ဆေးခန်းမှာ ဆေးပြတ်နေတာ တချို့ကို လူနာတွေကို တခြားဆေးဆိုင်မှာ ဝယ်ခိုင်းရတယ်။ ဒီတစ်လထဲ အဲ့လိုလုပ်တယ်။ တချို့ လူနာတွေက စစ်ဘေးရှောင် ဖြစ်နေတော့ လုံးဝ အဆင်မပြေဘူးပေါ့၊ ခက်ခဲနေတာပေါ့နော်” လို့ ဆေးခန်း တာ၀န်ခံက ပြောပါတယ်။
လူနာ တစ်ဦးကို ပျှမ်းမျှ ဆေးကုသစရိတ် ၅,၀၀ဝ ကျပ်ကနေ ၁၀,၀၀၀ ကျပ် ဝန်းကျင်အထိ ရှိတာကြောင့် ဆေးဖိုး ကုန်ကျစရိတ် တစ်လကို သိန်း ၅၀ ကျော် ၆၀ ခန့်အထိ ကုန်ကျနေတယ်လို့ ဆိုပါတယ်။
မိုးရာသီ ကာလမှာ တုပ်ကွေး၊ အအေးမိ၊ ဖျားနာ စတာတွေ အဖြစ်များပြီး ဆေးခန်းလာပြသူ ၈၀ ရာခိုင်နှုန်းက လူကြီးနဲ့ လူလတ်ပိုင်းတွေ ဖြစ်ကာ ၂၀ ရာခိုင်နှုန်းက ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။
မူကယန်းဆေးခန်းဟာ ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေရဲ့ အကူအညီနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဆေးဝါး ကုသပေးနေတာ ၂ နှစ်ကျော် ရှိလာပြီလို့ သိရပါတယ်။