မကွေးတိုင်း၊ မြိုင်မြို့နယ်က အကြမ်းဖက်စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့ Well 2ရေနံမြေစခန်းကို ရှော့တိုက်ဒုန်း၊ အီနာဂါဗုံးတွေနဲ့ ညလုံးပေါက်တိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ ကဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ အကြမ်းဖက်ရဲတွေ အခိုင်အမာတပ်စွဲထားတဲ့ Well 2ရေနံမြေကို ဩဂုတ် ၁၇ရက် ည၁၀ နာရီကစတင်ကာ မနက်၄နာရီအထိ ရှော့တိုက်ဒုန်း ၂၅ လုံး၊ ဒုန်းအီနာဂါဗုံးသီး 400g အလုံး ၆၀ နဲ့အတူ ဒုန်း 5kg ၁ လုံး တိကျတဲ့ ပစ်မှတ်တွေပေါ်ကို တော်လှန်ရေးညီနောင်တွေပေါင်းပြီး ညလုံးပေါက် တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုမှာ well 2 ရေနံမြေစခန်းရဲ့အသက် သွေးကြောဖြစ်တဲ့ ကပစ ဓာတ်အားလိုင်းကို လဲဖြတ်တောက်ပစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါမစ်ရှင်ကို မြိုင် ပကဖ တပ်ရင်း(၃) တပ်ခွဲ(၅) တပ်ခွဲ(၈) နဲ့အတူ ကျေးရွာလုံးခြုံရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဘေကင်းရန်ကင်းနဲ့ ပြုလုပ်ခဲ့တာပါ။
တောင်ဦးရွာဘက်ကနေ အင်းအား ၁၀၀ပါတဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ ၃၀ဝန်းကျင်ကို မတရားဖမ်းဆီးပြီး မြိုင်မြိုနယ်ထဲက ကွမ်းတောရွာကို သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်တာတွေ ပြုလုပ်နေပြီး ဝင်ရောက်တပ်စွဲနေထိုင်နေလို့ ပြည်သူတွေ ဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့ မြိုင် ပကဖက သတိပေးထားပါတယ်။