မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပန်လှရွာနဲ့ ရွှေပြည်ရွာကြား သွားလာနေတဲ့ စစ်အုပ်စု ကားကို ဒီနေ့လည်ပိုင်း ပဒေသာမိုင်း (၁၀)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု သုံးယောက် သေပြီး လေးယောက် ဒဏ်ရာရတယ်လို့ စဉ့်ကူးနယ် အခြေပြု ဥဒေါင်းမင်း – THE KING PEACOCK LDF တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
ဒီနေ့ ဩဂုတ်(၁၈)ရက် နေ့လည်(၁၁)နာရီကျော်က စဉ့်ကူးနယ် လက်ပံလှရွာကနေ ရွှေပြည်ရွာဘက် ထွက်လာတဲ့ စစ်အုပ်စု (၁၀)ယောက်ခန့်ပါ အိမ်စီးကားအသေး ခဲရောင်ကို ဥဒေါင်းမင်း – THE KING PEACOCK LDF ၊ စဥ့်ကူးမြို့နယ် ပကဖ နဲ့ ဒေသခံ တော်လှန်ရေး အင်းအားစုတွေ ပူးပေါင်းပြီး ပဒေသာမိုင်း (၁၀)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ ပဒေသာမိုင်း (၁၀)လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ရာ ကားမှာ ရှေ့ဆက် မောင်းနိုင်ခြင်း မရှိတော့ဘဲ ထိုးရပ်သွားပြီး ဗိုလ်မှူး အပါအ၀င် သုံးကောင် သေဆုံးပြီး လေးကောင် ဆေးရုံးပေါ် အသတ်ငင် နေတယ်လို့ သိရပါသည်။ …။ စစ်ခွေးများ ခြေရှုပ်နေသည်အတွက် မိဘပြည်သူများ အနေဖြင့် သွားလာ သတိရှိကြဖို့ ပြောချင်ပါသည်” လို့ ဥဒေါင်းမင်း – THE KING PEACOCK LDF တပ်ဖွဲ့ ၊ သတင်းမှန်ပြန်ကြားရေး တာ၀န်ခံ ပြည်ချစ်က ဆိုပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်က စတင်ပြီး စဉ့်ကူးမြို့ရဲ့ အထက်ဘက်၊ သပိတ်ကျင်းမြိုနယ် တကောင်းမြို့ အနီးတဝိုက်ကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ အင်အား(၇၀၀)ကျော်ကနေ (၁၀၀၀)လောက်အထိ သုံးပြီး လေးဖွဲ့ခွဲကာ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေလို့ ဒေသခံပြည်သူ တစ်သောင်းနီးပါး စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုဟာ လက်ရှိမှာ အဖွဲ့တွေခွဲပြီး တကာင်းနယ်၊ မန္တလေး – ထီးချိုင့် – ဗန်းမော် ဗျူဟာလမ်းရဲ့ အရှေ့ဘက်ခြမ်းက ရွာတွေ ဖြစ်တဲ့ မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပံကုန်း၊ ဆင်ညှပ်ကုန်း၊ ပေါ်တော်မူ၊ ကျောက်အိုက်၊ မြင်းသေ၊ သုံးမိုင်၊ လေးမိုင်၊ ချိုချဉ်မြိုင်၊ ဒေါမကြီး စတဲ့ ကျေးရွာတွေကို စီးနင်းဝင်မွှေ လုယက် အကြမ်းဖက် နေသလို ရွာအပြင်ဘက်က စိုက်ပျိုးရေး တောင်သူတွေ နေထိုင်ရာ စိုက်ခင်းတဲတွေကိုပါ စီးနင်းလုယက် မီးရှို့နေတာလို့ ဆိုပါတယ်။