ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ မြလယ်ရွာမှ ပြည်သူ ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က ရွာထဲ၌ ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာ မှ ပြည်သူများသည် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စု တက်လာပြီး စစ်ကြောင်းများ ကျေးရွာအတွင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင် နေရာမှ နေအိမ်များကို ပြန်လည် လာရောက်ကြည့်ရှု့စဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ ကျော်ကို မြလယ်ရွာ ဘုန်းကြီးကျောင်းထဲတွင် ပိတ်လှောင် ဖမ်းဆီး ထားကြောင်း၊ သြဂုတ်လ ၁၈ ရက်နေ့ကလည်း စဝတီးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ ထို့ပြင် မြလယ်ရွာကိုလည်း အကြမ်း စစ်တပ်က ၂ ရက်ဆက် မီးရှို့ဖျက်ဆီးကာ ကောင်းတုံရွာရှိ ပြည်သူပိုင် ဈေးဆိုင်များကိုလည်း စစ်တပ်က ဖောက်ပြီး ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။
” စစ်ဘေးရှောင် နေရာကနေ ဒီနေ့ နံနက်ပိုင်းမှာ ရွာကို ခေတ္တ ပြန်လာပြီး နေအိမ်တွေ ပြန်ကြည့်တဲ့ အချိန်မှာ ရွာထဲမှာရှိနေတဲ့ စစ်ခွေးတွေက ဖမ်းဆီးလိုက်တာ အားလုံးပေါင်း ပြည်သူ ၅၀ ကျော်လောက် ရှိမယ်။ စဝတီးရွာကို ၁၈ ရက်နေ့က လက်နက်ကြီး ကျလို့ နေအိမ် ၃ လုံးပြာကျသွားတယ်။ မနေ့က မြလယ်ရွာကိုလည်း စစ်ခွေးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်၌ ကောင်းတုံရွာကို ရောက်နေပြီး ပြည်သူ ၅၀ ကျော်ကို မြလယ်ရွာ ဘုန်းကြီးကျောင်းထဲ ပိတ်လှောင် ဖမ်းဆီးထားခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများရွှေကူမြို့သို့ မရောက်ခင်ကပင် ကျေးရွာများကို စစ်ကြောင်း ထိုးနေခြင်းဖြစ်ပြီး တပ်မ ၈၈နှင့် ၉၉ မှ စစ်သားများပါဝင်ကြောင်း၊ စစ်သင်္ဘော အုပ်စုသည် လက်ရှိချိန်ထိ စင်းခန်းရွာ၌ပင် ရှိသေးကြောင်း သိရသည်။