တမူးမြို့နယ်၊ ကလေး-တမူးအမြန်လမ်းမဘေး ဘုက္ကန်ကျေးရွာ (Zohmun khua) ရွာအနီးတွင် မနေ့ဩဂုတ် ၁၈ ရက်ည ၈ နာရီခွဲတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။
ဩဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲလောက်ကစပြီးညနေ ၅ နာရီထိ မလူကျောက်မီးသွေးလမ်းခွဲတွင်စခန်းချတဲ့ စစ်ကောင်စီတပ်ကို CNDF, PDF (Thado), NLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။ မလူကျောက်မီးသွေးလမ်းခွဲဟာ ဘုက္ကန်ကျေးရွာနဲ့ ၃မိုင်၊ ခမ်းပတ်မြို့နဲ့ ၇ မိုင်ကွာဝေးပါတယ်။
ဘုက္ကန်ကျေးရွာသားတစ်ဦးက “စစ်ခွေးဘက်ကရှုံးလို့ လေကြောင်းပစ်ကူလှမ်းတောင်းတာထင်တယ်။ ပြည်သူတွေ တစ်ယောက်မှထိခိုက်ဒဏ်ရာရရှိတဲ့သူမရှိဘူး။ ကျနော်တို့ ဘုက္ကန်ရွာသားတွေနဲ့ မလူကျေးရွာပြည်သူ စုစုပေါင်း ၅၀၀ ကျော်က အိန္ဒိယ၊ မဏီပူရ်ပြည်နယ်မှာ ညတွင်းချင်းထွက်ပြေးတိမ်းရှောင်ကြတယ်။ သူတို့အစိုးရ ကျနော်တို့ကိုလက်မခံပေမယ့် ရွာသားတွေက ကျနော်တို့ ကူကီး (ချင်း)တွေပဲဆိုတော့ သူတို့ လူမျိုး၊ ဘာသာမရွေး ကြိုဆိုလက်ခံပေးကြတယ်။ ဒီမနက်တော့ တိုက်ပွဲမရှိပေမယ့် သေနတ်ပစ်ဖောက်ပြီး ခြောက်လန့်နေကြတာတော့ရှိတယ်”လို့ပြောပါတယ်။