တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင်လမ်းပိုင်းကို ညဘက်မှာ မလိုအပ်ဘဲအသုံးမပြုကြဖို့ ကျားကြီးကွန်မန်ဒို (KTLA-tcjf) တပ်ဖွဲ့က ဒီကနေ့ သတိပေးစာ ထုတ်ပြန်လာပါတယ်။
ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း အသုံးမပြုဖို့ သတိပေးထားတဲ့ အဲဒီလမ်းပိုင်းတလျှောက်မှာ စစ်ကောင်စီတပ်ဘက်က လှုပ်ရှားမှုတွေရှိနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့အတွက် ပြည်သူတွေလုံခြုံဘေးကင်းစေဖို့ရည်ရွယ်ပြီးထုတ်ပြန်ရလို့ ဆိုပါတယ်။
“ကျနော်တို့က အဲနားတဝိုက်ခရီးသွားပြည်သူတွေနဲ့ မိတ်ဆက်နေလို့ သူတို့ဘက်ကလည်း ဒီလို လှုပ်ရှားလာတာထင်တယ်။ သူတို့က လူမမြင်သူမမြင်ရတဲ့ အချိန်မျိုးတွေမှာ ပိုလှုပ်ရှားလေ့ရှိတယ်။” လို့ ကျားကြီးကွန်မန်ဒို(KTLA-tcjf)တပ်ဖွဲရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။
အဲဒီလမ်းပိုင်းကို အသုံးပြုသွားလာတဲ့အချိန်တွေမှာ ကားတွေကို မှန်ချပြီးမောင်းနှင်ဖို့၊ ကားဘေးအကာ တာလပတ်တွေကိုလည်း ဖွင့်လှစ်မောင်းနှင်ဖို့၊ စစ်ကောင်စီတပ်တွေနဲ့အနီးကပ်သွားလာတာမျိုးမလုပ်ဖို့ကိုလည်း ထုတ်ပြန်စာထဲမှာ အထူးအသိပေးထားပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လုံခြုံရေးစစ်ဆေးရင်လည်း စိတ်အနှောင့်အယှက်မဖြစ်ဘဲ ပူးပေါင်းပါဝင်ပေးဖို့ ပြောဆိုထားပါတယ်။
တနင်္သာရီ – မောတောင်လမ်းပိုင်းပေါ်မှာရှိတဲ့ ရှမ်းအင်းတော်ရွာ၊ ရေဖြူရွာ၊ ထုံခါရွာတွေနဲ့ ကော့သောင်းလမ်းပိုက်းတလျှောက်မှာလည်း စစ်ကောင်စီတပ်လှုပ်ရှားမှုတွေ အခုလတ်တလောမှာ ရှိနေတယ်လို့လည်း သိရပါတယ်။