ထီးချ်ိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးတွင် ယမန်နေ့(ဩဂုတ် ၂၀ရက်)နံနက်က ဖြစ်ပွားသော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော် တစ်ဦးက ပြောသည်။
ကွင်းကြီးရွာအနီး တောင်ရိုးတွင် ယမန်နေ့ နံနက် က အင်အား ၆၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်။
“ကွင်းကြီးတိုက်ပွဲမှာ ကိုးလောင်းရတယ်။ သေနတ်နှစ်လက် ရတယ်။ ကျွန်တော်တို့က စစ်ကြောင်းသုံးခုနဲ့ ညှပ်တိုက်တာ။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ PDFတစ်ယောက် ထိတယ်။ ဒဏ်ရာမပြင်းပါဘူး”ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။
ယမန်နေ့က တိုက်ပွဲသည် နံနက် ၇နာရီခန့်မှစ၍ နေ့လယ် ၁၂နာရီခန့်အထိဖြစ်ခဲ့ခြင်းဟု သိရသည်။
KIA၊PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံး ပိတ်မိနေစဉ် တိုက်လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။
ယနေ့(ဩဂုတ်၂၁ရက်)နံနက်တွင် တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး စစ်ကောင်စီက ပြည်သူ ၄၀ခန့်ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးထားကာ ကွင်းကြီး၊ ရေထွက်တောနှင့် ကျောက်မှော်ကျေးရွာတို့ကို ဝင်ရောက်စစ်ကြောင်းထိုးနေကြောင်း ဒေသခံများကပြောသည်။