ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ဒီနေ့ မနက် အရုဏ်မတိုင်ခင်အချိန်ကတည်းက စစ်ကောင်စီစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ကညသန်းခေါင်ကျော် ၁ နာရီခွဲလောက်မှာ ထားဝယ်မြို့ကနေ ပကာရီရွာ ရဲစခန်းကို စစ်ကောင်စီကားတွေ ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် လမ်းအတိုင်း ပခပ်ရွာကိုဆက်သွားခဲ့ပြီး ရွာရဲ့အနောက်ဘက်ခြမ်းတောထဲကို ခြေလျှင် စစ်ကြောင်းဝင်ရောက်နေတယ်လို့ ဒေသခံ တွေက ဆိုပါတယ်။
အဲဒီခြေလျင်စစ်ကြောင်းဟာ အရှေ့နဲ့အနောက် နှစ်ကြောင်းခွဲထားပြီး စုစုပေါင်း အင်အား ၁၀၀ ကျော်ပါဝင်တယ်လို့ဒေသခံတွေကဆိုပါတယ်။
“ထားဝယ်ကနေလာရင် မိန်းလမ်းမရဲ့ဘယ်ဘက်ခြမ်းတောထဲဝင်တာ။ တောထဲဝင်ပြီးကတည်းက ပျောက်နေတယ်” လို့ဒေသခံအမျိုသားတစ်ဦးကပြောပါတယ်။
အခုမနက် ၉ နာရီလောက်မှာတော့ ရမ္မဇူရွာဘက်ကိုရောက်နေတယ်လို့သတင်းကြားရပေမယ့် သီးခြား အတည်ပြုနိုင်တာတော့မရှိသေးပါဘူး။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ အရှေ့ဘက်ကိုဆက်သွားနိုင်ပြီး လက်ရှိအချိန်ထိတော့ ပစ်ခတ်မှုဖြစ်ပွားတာမရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ရမ္မဇူ၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်းရွာတွေက ဒေသခံတွေ ညသန်းခေါင်ကျော်ကတည်းက နေအိမ်စွန့်ခွာစစ်ဘေးရှောင်နေရပါတယ်။
အခုလလယ်ကလည်း ကျောက်မဲတောင်ရဲစခန်းက စစ်ကောင်စီစစ်ကြောင်း ထားဝယ်ဘက်ကို ပြန်ထွက်လာတာကြောင့် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သလို ဒေသခံတွေလည်းစစ်ဘေးရှောင်ခဲ့ရပါတယ်။