ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ဘက်ခြမ်း၊ စစ်ဘေးရှောင် ကလေးငယ်တွေ ပညာသင်ကြားရာမှာ အဆင်ပြေစေဖို့ စာသင်ဆောင်အသစ် သြဂုတ်လ ၁၉ ရက်နေ့က ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ Clean Yangon အဖွဲ့ တာဝန်ခံ ကိုဇေယျာထွန်း ကပြောပါတယ်။
စာသင်ဆောင်ကို Clean yangonအဖွဲ့နဲ့ Job for Kayah အဖွဲ့က တာဝန်ယူ ဆောက်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
“ပညာရေးက အဆက်ပြတ်လို့ မဖြစ်ပါဘူး။ ကိုဗစ်ကြောင့် နှောင့်နှေးခဲ့ရတဲ့ ကလေးတွေရဲ့ ပညာရေးဟာ အာဏာရှင် တစ်စုရဲ့မတရား အာဏာသိမ်းမှုကြောင့် ပိုပြီး နစ်နာခဲ့ရပါတယ်။ ကလေးငယ်တွေ ဘေးကင်း လုံခြုံစွာ၊ အမိုးအကာလုံလုံနဲ့ ပညာသင်ကြားစေနိုင်ဖို့ စာသင်ဆောင်လေးတွေ ဆောက်လှူ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီ စစ်ရှောင် စာသင်ကျောင်းမှာ မူလတန်းကနေ အထက်တန်း အထိရှိပြီး ကျောင်းသား ၁၀၀ ကျော်ရှိကာ ဆရာမ ၁၀ ဦးက ပညာသင်ကြား ပေးနေတယ်လို့ သိရပါတယ်။
စာသင်ဆောင် ဆောက်လုပ်လှူဒါန်းရာမှာ ရန်ပုံငွေ အခက်အခဲ ရှိပေမယ့် ကလေးငယ်တွေရဲ့ အနာဂတ် ကောင်းမွန်စေဖို့ ဥတုမရွေး ပညာသင်ကြားနိုင်ဖို့ အခုလို ဆောက်လုပ်ပေးတယ်လို့ ဆိုပါတယ်။
Clean yangon အဖွဲ့ဟာ အာဏာသိမ်းပြီးချိန်ကစလို့ ဒီကနေ့အထိ စစ်ဘေးရှောင် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ ကိုယ်စား ကူညီပေးနေပြီး စာသင်ဆောင်ပေါင်း ၁၁ ဆောင်အထိ ဆောက်လုပ် လှူဒါန်းခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။