စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းကို ဒီကနေ့ မနက် ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက စစ်ကြောင်း ၂ကြောင်းနဲ့ စစ်ကြောင်းထိုးရောက်နေလို့ ကျေးရွာ ၁၃ရွာက ဒေသခံ တောင်သူ လယ်သမား ၈၀၀၀ ကျော် အလုပ် အကိုင်ပစ်ပြီး ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်ကနေ ခင်ဦးမြို့ပေါ် ရဲစခန်းကို ရောက်ရှိနေတဲ့ အင်အား ၁၉၂ ယောက် ပါတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ခမရ ၃၆၁ စစ်ကြောင်းဟာ ဒီကနေ့ သြဂုတ်လ ၂၂ရက် မနက်ပိုင်းမှာ ခင်ဦးကနေ အရှေ့တောင်ဘက်ဆီကို စစ်ကြောင်းထိုးလာတာကြောင့် နီးစပ်ရာကျေးရွာတွေက တောင်သူ ၄၀၀၀ ကျော်ဟာ ကောက်စိုက်ပျိုးနှုတ်လုပ်နေတာတွေကို ပစ်ပြီး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ခင်ဦးမြို့နယ် တောင်ဘက်မှာရှိတဲ့ လောင်းရှည်ရွာကြီး၊လောင်းရှည်ရွာသစ်၊လက်ပံလှ၊ချောင်းဆုံ၊သံဘို၊ကျီးကန်၊ရေအေးကုန်း စတဲ့ ကျေးရွာတွေက ပြည်သူတွေဟာ မိုးစပါးစိုက်ပျိုးချိန် စစ်ကြောင်းထိုးလာတာကြောင့် ကောက်စိုက်ပျိုးနှုတ်လုပ်နေတာတွေကို ပစ်ပြီးတော့ ထွက်ပြေးနေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာလည်း ဒီကနေ့ မနက်ပိုင်းမှာ ရေဦးတိုင်းရင်းဆေးရုံက အကြမ်းဖက်စစ်ကောင်စီက ကားကြီး ၄စီးနဲ့ ရေဦးမူးမြစ်ကူးတံတားကနေ အင်းပတ်ကွေ့ကို အင်အား ၁၀၀ ကျော်လာချ သွားတာကြောင့် နီးစပ်ရာကျေးရွာတွေက ပြည်သူ ၄၀၀၀ ကျော်မှာလည်း မိုးထဲရေထဲဗွက်ထဲ ဆက်လက်ထွက်ပြေးနေရတယ်လို့ သိရပါတယ် ။
ခင်ဦးမြို့နယ်အတွင်းမှာ အခုအချိန်ဟာ မိုးစပါး(ရွှေဘိုပေါ်ဆန်းခေါ်ဘေးကြား)စိုက်ပျိုးချိန်ဖြစ်ပြီး မိုးများလည်းဆက်တိုက်ရွာသွန်းနေကာ အဲဒီအကြမ်းဖက် စစ်ကြောင်းကြောင့် ခင်ဦးနယ်အနောက်ခြမ်းနဲ့ အရှေ့တောင်ခြမ်းက စုစုပေါင်း ကျေးရွာ ၁၃ရွာကပြည်သူ ၈၀၀၀ ကျော်မှာ မိုးထဲရေထဲဗွက်ထဲမှာ အလုပ်အကိုင်ပစ် အသက်ဘေးလွတ်ရာကို ဆက်တိုက် ထွက်ပြေးနေရတာဖြစ်တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။
သြဂုတ် ၂၁ရက်ကလည်း ခင်ဦးရဲစခန်းအင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းဟာ ခင်ဦး မြို့ဝန်းကျင်ကို စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူအများကို မတရားဖမ်းဆီးတာတွေလုပ်ခဲ့ပြီးနောက် အများအပြားကို ပြန်လည်လွှတ်ပေးခဲ့ပေမယ့် တောတဲမှာနေထိုင်တဲ့ တောင်သူလုပ်ကိုင်နေသူ အသက် ၅၅နှစ် အရွယ် ဒေါ်ဌေး နဲ့ အသက် ၄၈နှစ်အရွယ် မခင်မာလာတို့ ၂ဦးကို ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။