ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မလိဝမ်းကျေးရွာက အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ်ရက်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မလိဝမ်းကျေးရွာက ကော့သောင်းမြို့နယ်ထဲမှာရှိပြီး အေးသာယာရပ်ကွက်မှာ နေထိုင်တဲ့ မခင်မိရှိန်ရဲ့နေအိမ်ကို အခုလ ၂၁ ရက် ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ရောက်လာပြီး ဝင်ဖမ်းခဲ့တာဖြစ်ပါတယ်။
“ ကော့သောင်းမှာက တော်တော်ငြိမ်နေတာ။ တခြားဘာကိစ္စ ရှိမှာ၊ ဘာကြောင့်ဖမ်းတာလဲတော့ တိကျမသိဘူး။”လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ မခင်မိရှိန်ကို ကော့သောင်းမြို့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်စစ်ဗျူဟာအဖွဲ့(အခြေချ)မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အခုလ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာလည်း မလိဝမ်းကျေးရွာ၊ အေးသာယာရပ်ကွက်က အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးကိုဖမ်းဆီးခဲ့တဲ့အတွက် အခုလထဲမှာ မလိဝမ်းကျေးရွာက ဖမ်းဆီးခံရသူ ၅ ဦး ရှိသွားပြီလို့ ပြောရပါမယ်။
အဲဒီထဲက အရှေ့ရက်တွေကဖမ်းဆီခဲ့တဲ့လေးဦးထဲက အမျိုးသမီးတစ်ဦးကတော့ ပြန်လွတ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လထဲမှာလည်း ကော့သောင်းမြို့နယ်က အရပ်သားသုံးဆယ်ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဒီကနေ့ထိ တစ်ယောက်မှပြန်မလွတ်လာသေးဘူးလို့ ကော့သောင်းဒေသခံတွေဆီက သိရပါတယ်။