ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်ကောင်စီက ဒရုန်းနဲ့ အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းဘက်ကနေ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ သြဂုတ်လ (၂၃)ရက်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
အကြမ်းဖက် စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျေးရွာထဲမှာရှိတဲ့ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့ပြီး အသက် (၁၀)နှစ်အရွယ်၊(၉)နှစ် အရွယ် နဲ့ (၈)နှစ်အရွယ် ကလေးငယ် (၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ ကလေးငယ်တစ်ဦးမှာ အနည်းငယ် စိုးရိမ်ရတဲ့ အခြေအနေရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို မကြာခန လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခြင်း ၊ ဒရုန်းနဲ့ လာရောက်ဗုံးကျဲခြင်းတွေ ပြုလုပ်ခဲ့တဲ့အပြင် အရပ်သားတွေကို ရန်သူသဖွယ် ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန က အသိပေးဖော်ပြထားပါတယ်။