စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာကို အကြမ်းဖက်စစ်တပ်မှာ ၉ ရက်မြောက်နေ့အဖြစ် ယနေ့ ဩဂုတ် ၂၄ ရက်နေ့တွင်လည်း ထပ်မံ မီးတင်ရှို့နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
“၉ ရက်မြောက်နေ့ အဖြစ် အခုပဲ စရှို့တာနေတယ် သာစည်ရွာကို” ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
လက်ရှိအချိန်ထိ အကြမ်းဖက် စစ်တပ်က သာစည်ကျေးရွာအတွင်း တပ်စွဲထားပြီး နေ့စဉ်နှင့် အမျှ ရွာကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
သာစည်ကျေးရွာသည် အိမ်ခြေ ၁၅၀၀ ရှိ ရွာကြီးဖြစ်ပြီး ဩဂုတ်လ ၁၅ ရက်နေ့မှ စ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်တပ်က သြဂုတ်လ ၁၆ ရက်နေ့က စတင်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။