သုံးလနီးပါးအကြာ စစ်ကောင်စီတပ်သားတွေတပ်စွဲထားပြီး လွန်ခဲ့တဲ့လေးရက်ကမှထွက်ခွာသွားတဲ့ သရက်ချောင်းမြို့နယ်၊ ရငဲရွာဘက်ကို ဦးတည်ပြီး ဒီနေ့ညနေပိုင်းမှာ စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သရက်ချောင်းမြို့နယ်ထဲက တောင်ပျောက်တိုက်နယ်ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ဟာ မြေတင်ကား ၅ စီး၊ ဗီဂိုးကား ၂ စီးနဲ့ ဒီနေ့မနက်ပိုင်းက စုံစင်ဖျားလမ်းအတိုင်းထွက်လာခဲ့ပါတယ်။
အဲဒီနောက် ဝင်းဝရွာဘုန်းကြီးကျောင်းမှာခဏနားပြီး ထားဝယ်-မြိတ်ကားလမ်းအတိုင်း ရငဲရွာရှိတဲ့ဘက်ကို ခြေလျင်စစ်ကြောင်း နှစ်ကြောင်းခွဲပြီးထွက်ခွာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မိန်းလမ်းမပေါ်ကတစ်ကြောင်းနဲ့ လယ်ကွင်းထဲကတကြောင်းခွဲပြီးသွားနေတာ။ ပစ်တာခတ်တာမျိုးတော့မရှိသေးဘူးဗျ” လို့ဒေသခံ အမျိုသားတစ်ဦးကပြောပါတယ်။
အခုညနေ ၃ နာရီခွဲလောက်မှာတော့ စစ်ကောင်စီစစ်ကြောင်း ကမြိုင်ရွာအနီးရောက်နေပြီလို့သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်း ဦးတည်နေတဲ့လမ်းတလျှောက်မှာ ကျေးရွာတွေအများအပြားရှိပေမဲ့ ဒေသခံတွေကတော့ သူတို့မူလကတပ်စွဲခဲ့တဲ့ ရငဲရွာကိုပြန်ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။
ရငဲရွာကဒေသခံအများစုကတော့ အခုလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေထွက်ခွာသွားပေမယ့် ပြန်ဝင်လာမှာစိုးရိမ်တာကြောင့် နေအိမ်တွေမှာပြန်မနေရဲကြသေးပါဘူး။
စစ်ကောင်စီတပ်သားတွေ တပ်စွဲနေထိုင်ခဲ့တဲ့ ရငဲရွာက မြွေတောင်ပေါ်ကိုလည်း သူတို့ထွက်ခွာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်တွေကသွားရောက်ပြီး နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်ခဲ့ပါတယ်။