ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုရန် နှင့် အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမည်ဟု NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်သည်။
စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကုများကိုတရားမဝင်ငွေစက္ကူများအဖြစ်NUGကြားကာလဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီးဖြစ်၍ ထိုငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှုကျူးလွန်ရာရောက်သောကြောင့်ဖြစ်သည်ဟု အထက်ပါအဖွဲ့ကဆိုသည်။
ထိုကြောင့်စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကူများကို ငွေကြေးလည်ပတ်မှုတွင် အသိအမှတ်ပြုလက်ခံသုံးစွဲသော ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူများအနေဖြင့် အထောက်အထားနှင့်တကွ တိုင်ကြားကြရန်လည်း ဖော်ပြထားသည်။
တားမြစ်မိန့်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးသည်။
“ပြည်သူ့တော်လှန်ရေး အရှိန်ကို ဘယ်နည်းနဲ့မှအကျခံမှာ မဟုတ်တဲ့အပြင် ပိုပြီးပြင်ပြင်ထန်ထန် အရှိန်မြှင့်ကြရပါလိမ့်မယ်။တားမြစ်မိန့်ကို လိုက်နာကြပါ ။ပြည်သူနဲ့အတူ ဘယ်လိုရပ်တည်ကြမလည်း ဆုံးဖြတ်ကြပါ။ စစ်ကောင်စီလက်အောက်မှာ ဘယ်ဘဝ ရောက်နေရလည်းဆိုတာလည်း သိကြမှာပါ။ပြည်သူနဲ့ကင်းကွာပြီး တိုးတက်လာတဲ့ လုပ်ငန်းဆိုတာ မရှိပါဘူး အားလုံးအတွက် အကောင်းဆုံးအဖြေဟာ
တော်လှန်ရေးအောင်မြင်မှုပါပဲ။”ဟုNUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ ၊ဥက္ကဌဖြစ်သူ ဦးလွင်ကိုလတ်က ၎င်း၏ လူမှုကွန်ယက်တွင်ရေးသားထားသည်။
စစ်ကောင်စီသည် နှစ်သောင်းတန်ငွေစက္ကူများကိုထုတ်ဝေမည်ဖြစ်ကြောင်းဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ထိုကြေညာအချက်အပြီး နိုင်ငံအတွင်း ကျပ်ငွေတန်ဖိုးထိုးကျကာ တစ်ဒေါ်လာလျှင်ကျပ် ၄၀၀၀ ၊ ရွှေတစ်ကျပ်သားကျပ်သိန်း ၄၀ အထိမြင့်တက်ခဲ့သည်။ အထွေထွေစားသောက်ကုန်ဈေးနှုန်းများလည်း တရှိန်ထိုးမြင့်တက်လာသည်။