ကချင်ပြည်နယ်၊ ဖားကန့် – မြစ်ကြီးနားလမ်း၊ နန့်ယားနဲ့ ဖားကန့်ကြား ပိတ်မိပြီး သောင်တင်နေတဲ့ ကားတွေနဲ့ ခရီးသည်တွေကို ဒီနေ့ ဩဂုတ်လ ၂၅ ရက်၊ နေ့လယ်ပိုင်းက စပြီး သွားလာခွင့်ပြုနေပြီလို့ ခရီးသွား ပြည်သူ တစ်ဦးက ပြောပါတယ်။
နန့်ယား အနီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က စစ်ကောင်စီနဲ့ KIA တို့ ရုတ်တရက် တိုက်ပွဲ ပြင်းထန်လာလို့ ခရီးသွား ပြည်သူတွေ ပိတ်မိ သောင်တင်နေတာ ဖြစ်တာပါ။
“ဒီနေ့တော့ ပိတ်မိသောင်တင်နေတဲ့ ခရီးသွားတွေကို ဆင်းခိုင်းပြီ။ ကျနော်တို့လည်း ဆင်းလာနိုင်ပြီ” လို့ ခရီးသွား အမျိုးသား တစ်ဦး ကပြောပါတယ်။
လက်ရှိ ပိတ်မိနေတဲ့ ကားတွေကိုသာ သွားလာခွင့်ပြုထားပြီး မန္တလေးက တက်လာတဲ့ ကာတွေ များပြားပေမယ့် မသွားခိုင်းသေးသလို ဖားကန့်ဘက်က ထပ်ဆင်းလာမယ့် ကားတွေကို ဆင်းလာခွင့် မပြုသေးဘူးလို့ သူက ပြောပါတယ်။
နောက်ထပ် ခရီးသည် တစ်ဦးကလည်း “လမ်းမှာ ကြားမှာ ကျနော်တို့ ပိတ်မိ သောင်တင်နေတဲ့ သူတွေကိုပဲ သွားခိုင်းသေးတယ်” လို့ ရှင်းပြပါတယ်။
လက်ရှိ လမ်းတစ်လျှောက် ဖားကန့်တက်မယ့် ကားအများပြား တန်းစီနေတာတွေ့ရပြီး လမ်းမှာကားတွေ၊ ခရီးသွားတွေ များပြားနေတာကြောင့် ဒီနေ့ အပြန်လမ်း အဆင်ပြေစေချင်တယ်လို့ သူက ပြောပါတယ်။
ပိတ်မိနေတဲ့ ခရီးသွားတွေ သွားလာပြီးပါက လမ်းပြန်ပိတ်မယ်လို့ သတင်းထွက်ပေါ်နေ ပေမယ့် အတည်မပြုနိုင် သေးဘူးလို့ သူကဆက်ပြောပါတယ်။
နန့်ယား အနီးမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း KIA ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်သား ၈ ဦးသေပြီး ၇ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ KIA ရှေ့တန်း အသိုင်းအဝိုင်းက သိရပါတယ်။