မကွေးတိုင်း ရေစကြိုမြို့နယ် ဂွေးချိုရွာက စစ်အုပ်စု ပျူတွေ စီးလာတဲ့ကားကို ဒီမနက်ပိုင်း ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ပျူခြောက်ယောက်လုံး သေပြီး သေနတ် ငါးလက် သိမ်းဆည်း ရမိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ – ရေစကြိုမြို့နယ် – ရေစကြို ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ဒီနေ့ ဩဂုတ်(၂၅)ရက် မနက်(၆)နာရီမှာ ပျူတွေ လိုက်ပါလာတဲ့ ကားကို သတင်းအရ ကြိုတင် စောင့်ဆိုင်းပြီး ဂွေးချိုပျူရွာနဲ့ ဆင်ချောင်းပျူရွာကြားမှာ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပ.က.ဖ နဲ့ ပခုက္ကူခရိုင် PDF တပ်ရင်း အမှတ်(၉)တို့ ပူပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကားပေါ်ပါ ပျူခြောက်ယောက်လုံး သေကာ ကာဘိုင်သေနတ် ငါးလက်၊ ကျည်ဘောက် ရှစ်ခုနဲ့ ကျည်(၁၀၆)တောင့် သိမ်းယူ ရရှိခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါတယ်။
သေဆုံးတဲ့ ပျူတွေဟာ ဂွေးချိုရွာ ပျူစခန်းက ပျူတွေဖြစ်ပြီး ပခုက္ကူ-ရေစကြို လမ်းမှာ ပြည်သူတွေဆီက ဆိုင်ကယ်၊ ကားတွေ လုယက် အကြမ်းဖက်နေတဲ့ ဆင်ချောင်းရွာ ပျူခေါင်းဆောင် ငလင်း ရဲ့ အဖွဲ့သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။