ထိုင်း – မြန်မာနယ်စပ် ကရင်နီပြည်တွင် စစ်ကောင်စီ၏ ခမရ(၅၁၉)နှင့်(၃၃၄)တို့အား တိုက်ခိုက်မှုအတွင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်သားအလောင်း ၁၂လောင်းတွေ့ရှိကြောင်း ကရင်နီတပ်မတော်(KA)၏တပ်ရင်း(၂)က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ၏ ပွိုင့် (၃၂၂၂)နှင့် ပွိုင့်(၂၈၈၈)သို့ ရိက္ခာအချို့ပို့ရန်နှင့် (လေယာဉ်ဖြင့် ထပ်မံရိက္ခာချပေးနိုင်ရေးအတွက်) လုံခြုံရေးဖြည့်တင်းကူရန် လာရောက်သည့် ရှမ်းပြည်အခြေစိုက် ခမရ(၅၁၉ နှင့် ၃၃၄) စစ်ကြောင်းအား KAက သြဂုတ် ၂၃ ရက်တွင် ကြားဖြတ်တိုက်ခိုက်ရာ (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ရသည်ဟု ဆိုသည်။
ဩဂုတ် ၂၄ရက်တွင် နယ်မြေရှင်းလင်း ရေးလုပ်စဉ် စစ်ကောင်စီတပ်သားရုပ်အလောင်း ၁၂လောင်းတွေ့ရှိကြောင်းလည်း ဖော်ပြသည်။
ထို့အပြင် (၆၀)မမ ပြောင်းရှည် ၂လက်၊ ပြောင်းတို ၂လက်၊ ငါးကြင်းမြီး တစ်လက်၊ MA4 ၂ လတ်၊ MA3 ၅လတ်၊ MA2 ၅လတ်၊ MA1 ၃ လတ်၊ 9MM တစ်လတ်၊ (၆ဝ)မမ ဗုံးသီး ၂၃လုံး၊ RPG-7 သီးအလုံး ၃၀၊ (၄၀)မမ ဗုံးသီး ၁၄၂လုံး၊ စွပ်ပုံး ၃၈ လုံး၊ လက်ပစ်ပုံး ၄၇ လုံး၊ ၁၈မိုင်း နှစ် လုံး၊ ၁၄မိုင်း ၃ဝ လုံး၊ ကျည်အိမ် ၇၄ ခု၊ ၅.၅၆ ကျည် ၁၂,ဝဝဝ တောင့်၊ ၇.၇၂ ကျည် ၆၀၀ တောင့် နှင့် ဆက်သွယ်ရေးစက်ကြီး သုံးလုံးတို့ သိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ကရင်နီတပ်မတော်(KA)မှ ရဲဘော် သုံးဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။
ကရင်နီတပ်မတော်က တိုက်ခိုက်ခဲ့သည့် ခမရ (၃၃၄)နှင့် (၅၁၉)တို့သည် ယခုနှစ် မတ်လအတွင်းက ရှားတောဒေသတွင်ရှိသည့် ကရင်နီတပ်မတော်စခန်းတစ်ခုအား သိမ်းပိုက်နိုင်ရန်ကြိုးပမ်းခဲ့သည့် တပ်ရင်းများဖြစ်သည်။
ထိုစဥ်ကလည်း စစ်ကောင်စီတပ်သားအလောင်း နှစ်လောင်းနှင့် လက်နက်ခဲယမ်းများကို ကရင်နီတပ်မတော်က သိမ်းဆည်းရရှိခဲ့သည်။