စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်မည်သတင်းကြား၍ ချင်းတွင်းမြစ်ဘေး ကျေးရွာ ၉ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ (သြဂုတ်၂၅ ရက်)ညပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ကျောက်ကုန်းရွာအနီး ရောက်ရှိနေသော စစ်ကောင်စီတပ်စစ်ကြောင်းသည် ကနီမြို့နယ်သို့ ဦးတည်နေကြောင်း သတင်းရ၍ ညတွင်းချင်းထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
“ယင်းမာပင်နယ်ဘက်ခြမ်းကရွာတွေကတော့ ဩဂုတ်လ၁၃ရက်လောက်ကတည်းက နေရပ်စွန့်ခွာနေကြရတာဗျ။ကျွန်တော်တို့ ကနီဘက်ခြမ်းကတော့ မနေ့က မနက်ခင်းကတည်းက ထွက်ပြေးရတာပါ။”ဟု ကနီနယ် ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် အင်အား ၃၀၀ခန့်ရှိနိုင်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ယင်းမာပင်မြို့နယ်၊ စေသူကျေးရွာသစ်ကွင်းမှ သစ်များသယ်ယူနေစဥ် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် နေစဉ့်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်က အထိအခိုက်များ၍ စစ်ကြောင်းထိုးခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ ဧပြီ ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သန်းရှစ်သိန်းကျော် ရှိပြီဖြစ်သည်။