ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်အနီး၊ လားရှိုး – မူဆယ် လမ်းမပေါ်မှာ မနေ့ ဩဂုတ်လ ၂၅ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီနဲ့ TNLA တပ်တို့ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ပေါ်ဘက်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းနဲ့ ကွတ်ခိုင် ရှုခင်းသာနဲ့ ကွတ်ခိုင် ကနေ မူဆယ်ဘက် အထွက် နောင်ဆွေရွာအနီး စတဲ့ ၂ နေရာမှာ တိုက်ပွဲ ဖြစ်တာလို့ ကွတ်ခိုင် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဟုတ်တယ်။ ၂ နေရာ ဟုတ်တယ်” လို့ သူကပြောပါတယ်။
မနေ့ ညနေ ၅ နာရီမှာ ရှုခင်းသာအောက်၊ ဟိုနောင်ရွာ အထက်နားမှာ တစ်နေရာ၊ ညနေ ၅ နာရီခွဲမှာ နောင်ဆွေရွာ အပြင်၊ မိုင်ကုန်အောက်မှာ တစ်နေရာ တိုက်ပွဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ယာဉ်တန်းကို တိုက်ခိုက်တာ” လို့ နောက်ထပ် ဒေသခံ တစ်ဦးက အတည်ပြု ပြောပါတယ်။
PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးကတော့ လက်နက် အပြည့် တင်ဆောင်လာတဲ့ စစ်ကောင်စီကား ၁၆ စီးပါ ယာဉ်တန်း နမ့်ဖတ်ကာ ကနေ ကွတ်ခိုင်ဘက် ဆင်းလာချိန် TNLA တပ်မဟာ (၅)၊ တပ်ရင်း (၃၃၅) နဲ့ ထိပ်တိုက်တွေ့ပြီး ညနေ ၅ နာရီ နဲ့ ၆ နာရီကြား နောင်ဆွေရွာနား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ ဩဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန် ထားပါတယ်။
အဲဒီ တိုက်ပွဲအတွင်း TNLA ဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု ရှိပေမယ့် အသေးစိတ် မသိရှိရသေးကြောင်း ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ TNLA တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး သြဂုတ်လ ၂၆ ရက်နေ့အထိ စုစုပေါင်း တိုက်ပွဲ ၁၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။