ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် စစ်ကာင်စီ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့၊ မနက်ပိုင်းက KIA အဖွဲ့က တိုက်ခိုက်ခဲ့တဘ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“မှန်တယ်။ မှန်တယ်။ လက်နက် အသေးနဲ့ အရင် လာပစ်တာ” လို့ KIA ရှေ့တန်း သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
အဲဒီလို့ လာရောက် ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပြန်ပစ်ခတ်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နာရီပိုင်းက မြစ်ကြီးနား အထွက် အမြောက်တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်သံ ကြားတယ်လို့ မြစ်ကြီးနား မြို့ခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“သူတို့ တပ်ကလေ။ ပမ္မတီးလေ။ အဲဘက်လေ။ အဲဒီ မြစ်ကြီးနား အထွက်နားက ထင်တယ်။ ဒူကထောင်ဘက် မြေကြီးတောင်တုန်တယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနားနဲ့ ထိစပ်နေတဲ့ ဝိုင်းမော်မြို့ ရပ်ကွက် (၅) ဘက်မှာလည်း အခိုင်အမာ ဆောက်ထားတဲ့ တိုက်အိမ်တွေ တုန်ပြီး သွပ်ပြားတွေတောင် လှုပ်ခါနေတယ်လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“ဝိုင်းမော် ဘက်က ဘယ်လိုလဲ ဆိုတော့ မြစ်ပဲခြားတာ။ အဲဒီ ရပ်ကွက် (၅) ဘက်လေ။ အရင်နေ့က ဓားမြတိုက်ခံရတဲ့ ရပ်ကွက်ဘက်တော့ မြစ်ပဲခြားတာလေ။ ၅ ချက်တောင် မကဘူး။ ပထမ တစ်ခေါက် ကျမတို့က မိုးခြိမ်းတာ ထင်နေတာ။ မိုးနည်းနည်း ရွာနေတော့” လို့ သူက ရှင်းပြပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိတ်လန့်နေပြီး ပစ်ခတ်မှု နောက်ဆက်တွဲ ထိခိုက်မှု အခြေအနေနဲ့ ပတ်သက်ပြီး အတိအကျ မသိရကြောင်း ဒေသခံတွေက ပြောပါတယ်။