ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆိုရွာရှိ နေအိမ် ၈ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း KNDF B/15 သတင်းနှင့် ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
သြဂုတ်လ ၂၆ ရက်နေ့ နံနက် အစောပိုင်းတွင် ဖရူဆိုမြို့နယ်၊ ထီးပေါ်ဆို ကျေးရွာအတွင်းရှိ နေအိမ် ၈ လုံးကို ရွာထဲ၌ ရှိနေသော အကြမ်းဖက် စစ်တပ်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ နံနက် အစောပိုင်းကစတင်ပြီး မွန်းလွဲပိုင်းအထိ နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ဩဂုတ် လ ၂ ရက်နေ့မှ စတင်ပြီး ဒီးမော့ဆိုမှ ဖရူဆိုဘက်ကို စစ်ကြောင်းထိုးလျက်ရှိပြီး လက်ရှိတွင် စစ်သားများက ထီးပေါ်ဆိုကျေးရွာ အနီးအနား တစ်ဝိုက်ကို တပ်စွဲနိုင်ရန် အပြင်းအထန် ကြိုးစားလျက်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များနှင့်လဲ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ဒီးမော့ဆိုမှ ဖရူဆို ဘက်ကို စစ်ကြောင်း ထိုးလျက်ရှိသော အကြမ်းဖက် စစ်တပ်သည် စစ်ကြောင်းထိုးရာ ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာ နေအိမ်များကို ဖျက်ဆီး မီးရှို့ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူများအနေနှင့် စစ်ကောင်စီ စစ်ကြောင်းရာ ပနီး တစ်ဝိုက်ကို သွားလာခြင်း မပြုလုပ်ရန် KNDF B/15 သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကိုင်းမကျီးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ဂွေးချိုးရွာ ပျူစောထီးအဖွဲ့များ ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ကိုင်းမကျီးရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
” ရေစကြိုမြို့နယ် ဂွေးချိုးရွာက ပျူစောထီးအဖွဲ့တွေ ပစ်ခက်ခံရပြီးနောက် ဒီနေ့ မနက်မှာ ကိုင်းမကျီးရွာကို စစ်ခွေးတွေ မီးတင်ရှို့နေတယ်။ ပြည်သူတွေကတော့ ရွာလုံးကျွတ်ပြေးနေရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။