ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဩဂုတ် ၂၅ရက် ညနေပိုင်းက မိုးမိတ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၂၇၆) တပ်စွဲထားသည့်စခန်းနေရာကို KIA တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၂) ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စီဘိန်း(စီပိန်း)ရွာမှာ လာထိုင်ထားတဲ့ မိုးမိတ်တပ် ခမရ -၂၇၆ စခန်းဖြစ်တယ်။မနေ့ညနေ ၅နာရီ မှာ KIA ရင်း (၁၂)နဲ့ PDFတွေ သွားတိုက်တာ။ ဒီမနက်မှာ စခန်းကိုအပြီးအစီးသိမ်းပိုက်နိုင်ခဲ့တယ်။လက်နက်တွေရတယ်။ ထိခိုက်မှုက ငါတို့ဘက်မရှိပါ”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIA စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News၏ ဖော်ပြချက်တွင် စီဘိန်းရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအမြောက်များ သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။ယခု စခန်းသိမ်းတိုက်ခိုက်မှုသည် KIA တပ်ရင်း (၁၂)နယ်မြေအတွင်း၌ ပထမဆုံး စခန်းသိမ်းတိုက်ခိုက်မှု ဖြစ်သည်ဟု ဆိုသည်။