ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အနီး၊ မဒီးယန်ရွာနဲ့ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန် ဒေသမှာ ဒီကနေ့ ဩဂုတ်လ ၂၆ ရက်နေ့၊ ညနေပိုင်းက စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီမနက် ၉ နာရီခန့်က လိုင်ဇာမြို့၊ မဒီးယန် အနီးရှိ KIA တပ်စခန်းဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တပ်ဖွဲ့ တစ်နေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်မှုများတာကြောင့် ညနေ ၄ နာရီကျော်က ဂျက်ဖိုက်တာ ၂ စီး တိုက်ပွဲ ဖြစ်ရာ အနီးဝန်းကျင်ကို ဗုံးကြဲသွားတယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
“မနက် ၉ နာရီခန့်ကစ မဒီးယန် ဘက်တစ်ကြော တိုက်ပွဲပြင်းပြင်းထန်ထန်ပဲ” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် လိုင်ဇာမြို့ အနီး နမ်ဆန်ယန်ကို ဒီကနေ့ ဩဂုတ်လ ၂၆ ရက်၊ ညနေ ၅ နာရီကျော်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ ကြိမ် ဗုံးကြဲသွားတယ်လို့ နောက်ထပ် KIA ရှေ့တန်း သတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက နမ်ဆန်ယန်နဲ့ ၅ မိုင်ဝေးတဲ့ နေရာ။ သူတို့ လေယာဉ်ဗုံးလာကြဲတာက နမ်ဆန်ယန်မှာ။ ပြည်သူတွေရဲ့ နေအိမ်တွေ တော်တော် ပျက်စီးသွားတယ်” လို့ သူက ရှင်းပြပါတယ်။
ဗန်းမော်ဘက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြောင်းနဲ့ အင်အားဖြည့်ထားတဲ့ စစ်ကောင်စီ အင်အား တစ်ထောင်ခန့် လိုင်ဇာအနီး မဒီးယန်ဘက် စစ်ကြောင်းထိုးလာတာကြောင့် ဒီမနက်ကစပြီး တနေကုန်နီးပါး မဒီးယန်မှာ တိုက်ပွဲ ပြင်းထန်နေတာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲ မဖြစ်တာ ကြာပြီ။ တစ်လ လောက်တောင် ရှိတော့မယ်။ ဒီတစ်ခါ ပြန်ဖြစ်ရင်တော့ တိုက်ပွဲ တော်တော် ပြင်းထန်လာမယ့် အခြေအနေ ရှိတယ်” လို့ သူက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းကလည်း မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို KIA က လက်နက်ငယ်နဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ၅ ကြိမ် ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။