အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် Free Burma Action Committee- Sacramento နှင့် ပြည်ပရောက် မြန်မာမိသားစုများ ပူးပေါင်းကာ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ယနေ့ (သြဂုတ် ၂၇) ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲကို “သွေးစည်းညီညွတ်သော ဖယ်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး နွေဦးတော်လှန်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ၊ တိုင်းရင်းသားမိသားစု ရန်ပုံငွေ ရုပ်ရှင်ပြပွဲနှင့် တိုင်းရင်းသားအကအလှ စျေးရောင်းပွဲတော်တို့ပါဝင်သည်။ မြန်မာမိသားစုများက ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအထောက်အကူ ဖြစ်စေမည့် တိုင်းရင်းသားရိုးရာ အကများ၊ သီချင်းများ ၊ တေးသရုပ်ဖော်များ၊ တော်လှန်ရေးဂုဏ်ပြုသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် နိုင်ငံတကာတွင် ဆုများစွာ ရရှိထားသော ဒါရိုက်တာ လင်းလင်း ရိုက်ကူးသည့် The Way ဂီတရုပ်ရှင်ကို ပရိသတ်များကို စတင်မိတ်ဆက် ပြသခဲ့ပြီး The Way ရုပ်ရှင်တွင် ပါဝင်သော အနုပညာရှင်များနှင့် ပရိသတ်တို့ကို Zoom meeting ဖြင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
“ပြည်ပကနေ နားရက်မရှိ ၊ တတ်နိုင်တာတွေ လုပ်ပေးနေကြပါတယ်။ အားတင်းထားကြနော် ။ နိုင်ကို နိုင်ရမယ်။ ငါ တို့အားလုံး၊ပြည်တွင်းပြည်ပ မခွဲခြား တိုင်းရင်းသားအားလုံး အတူတကွ လျှောက်နေတဲ့ လမ်း The Way ဟာ တခုတည်းပါပဲ” ဟု ပြည်ပရောက် မြန်မာတစ်ဦးကလည်း အားပေးစကား မှတ်ချက်ပြုသည်။