ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ဌာနချုပ် လိုင်ဇာအနီးရှိ မဒီးယန်နှင့် အောင်ဂျာကျေးရွာအကြားတွင် ယနေ့နံနက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့(ဩဂုတ် ၂၆ရက်)တွင် မဒီးယန်ရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်က ညနေပိုင်းတွင် လေကြောင်း ပစ်ကူပေး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ယနေ့နံနက်တွင် ထပ်မံ စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဆက်ဖြစ်ခဲ့သည်ဟု ဆိုသည်။
“ဒီမနက် ၉နာရီမှာ တိုက်ပွဲပြင်းထန်နေတယ်။ မဒီးယန်နဲ့ အောင်ဂျာ ရွာကြားမှာ။ စကစ တပ်ဘက်က အထိနာပြီး ဆက်တိုးမရတော့ မြစ်ကြီးနားဘက်က ဂျက်လေယာဉ် ၃စီးနဲ့ ဗုံးလာကြဲသွားတယ်” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့(ဩဂုတ် ၂၇ရက်) နေ့လယ် ၁နာရီခန့်တွင် တစ်ကြိမ်၊ ၁နာရီ ၇မိနစ်တွင် တစ်ကြိမ်၊ ၁နာရီ ၁၂မိနစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“ငါတို့ဘက် ထိခိုက်မှုမရှိပါ” ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မြစ်ကြီးနား – ဗန်းမော်လမ်းတိုက်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်သည် အထက်အမိန့်မလွန်ဆန်နိုင်၍ ရှေ့တက်စစ်ကြောင်းထိုးနေရသည့် သဘောဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် လိုင်ဇာအနီး နမ့်ဆန်ယန်ဒေသကို ဇူလိုင်လဆန်းမှစ၍ ထိုးစစ်ဆင်လျက်ရှိရာ နမ့်ဆန်ယန်အပါအဝင် မြစ်ကြီးနား- ဗန်းမော်လမ်းတလျှောက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။