စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ လှတောနယ်မြေရဲစခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း Bagan Orge Force – ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(ဩဂုတ် ၂၇)ညနေ ၆ နာရီခန့်က စစ်ကောင်စီ၏ ရဲနှင့် စစ်သားများပူးပေါင်းတပ် စွဲထားသည့် လှတောနယ်မြေရဲစခန်းကို Yan Gyi Aung-PDF၊ နယ်စည်းမခြား ဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း(၁)၊ Bagan Orge Force – ပုဂံပြည်ဘီလူးတပ်၊ အဖြူရောင်ဒီပဲယင်း(ပကဖ)၊ ညောင်ဦးခရိုင် တပ်ရင်း-၅၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)နှင့် မဲကုန်းတိုက်နယ် (ပကဖ)တို့ပူးပေါင်းပြီး မီတာ ၆၀ ဝန်းကျင်အထိ အနီးကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“၅၀ ကျော်မယ်ဗျ အင်အားက။ စခန်းဘေး ပျူအိမ်ကနေ ကောင်တာပြန်ပစ်တာရှိပေမယ့် ကျနော်တို့ ထိခိုက်မှုမရှိခဲ့ဘူး”ဟု Bagan Orge Force – ပုဂံပြည်ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
လှတောရဲစခန်းတိုက်ခိုက်မှုတွင် အပြန်အလှန် ပစ်ခတ်ချိန် မိနစ် ၃၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိနိုင်သော်လည်း အတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။
“ဒီမနက်အထိ အဲဒီစခန်းနားကို ကပ်လို့မရသေးဘူး။ ပြည်သူလည်း ကပ်မရဘူး။ ကျနော်တို့ PDF တွေလည်း ကပ်မရဘူး။ အဲတော့ ထိခိုက်သေဆုံးစာရင်း မသိရသေးပါဘူး”ဟု ပုဂံပြည်ဘီလူးတပ်မှတာဝန်ရှိသူက ရှင်းပြသည်။
ယနေ့(သြဂုတ် ၂၈)နံနက်ပိုင်းတွင် လှတောရွာအနီးဝန်းကျင်သို့ စစ်ကောင်စီတပ်မှ စစ်သုံးရဟတ်ယာဥ် Mi35 တစ်စီးဝဲပျံကာ လာရောက်ကင်းထောက်နေပြီး ဝက်လက်နယ်အတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်အချို့လည်း ယင်းစခန်းသို့ ထပ်မံရောက်ရှိနေကြောင်း စုံစမ်းသိရသည်။
ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ ပစ်ခတ်ဝင်ရောက် စစ် ကြောင်းထိုးလျှက်ရှိရာ သြဂုတ် ၂၆ ရက်က ကျီးကန်မြောက်ရွာမှ အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်သည့်အပြင် အမျိုးသားသုံးဦးနှင့်အတူ ကျီးကန်နှင့် လှတောရွာကြားတွင် ပစ်သတ်ထားခဲ့သည်။
ထို့အပြင် အဆိုပါစစ်ကောင်စီတပ်စစ် ကြောင်းသည် ကျီးကန်ရွာပြည်သူတစ်ဦးထံမှ ကျပ်သိန်း ၅၀၀ ကျော်နှင့် အခြားပြည်သူတစ်ဦးထံမှ ကျပ်လေးသိန်းကို လက်နက်ပြအနိုင်ကျင့်ယူငင်သွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။