စင်ကာပူနိုင်ငံသား ၂ ယောက်ဟာ မြန်မာရေတပ်ကို ရေအောက်ကြမ်းပြင် အသံလှိုင်းဖမ်း ဆိုနာစနစ်ကို တရား မဝင်ရောင်းချခဲ့ကြောင်း ဩဂုတ် ၂၅ ရက်က တရားရုံးမှာ ဝန်ခံလိုက်ကြောင်း The Straits Times သတင်းက ဖော်ပြသွားပါတယ်။
စင်ကာပူနိုင်ငံ ဥပဒေအရ လက်နက်အပါအဝင် မဟာဗျူဟာထုတ်ကုန်ပစ္စည်းတွေကို ပြည်ပတင်ပို့ရောင်းချခွင့် တားမြစ်ပိတ်ပင်ထားပြီး စင်ကာပူ Hydronav Services ကုမ္ပဏီမန်နေဂျာ ပွိုင်တာအားဂက်စ်ကန့်ဂျနာ (၅၇ နှစ်) နဲ့ ကုမ္ပဏီရဲ့ တစ်ဦးတည်းသော ဒါရိုက်တာ ဝိုင်အွန်းချွမ် (၇၀ နှစ်) တို့နှစ်ဦးဟာ ဥပဒေချိုးဖောက်ကြောင်းနဲ့ အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရောင်းချလိုက်တဲ့ ကုမ္ပဏီက မြန်မာရေတပ်ပိုင် Light of Universe ကိုဖြစ်ပြီး မြန်မာရေတပ် ရေအားလျှပ်စစ် စင်တာမှာ အသုံးပြုဖို့ ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၁ . ၅၈ သန်း (စင်ကာပူဒေါ်လာ ၂ သန်း) နဲ့ ရောင်းချ ရာမှာ နော်ဝေကုမ္ပဏီ Kongsberg Maritime ကနေ အမေရိကန်ဒေါ်လာ ၇၅၉၉၃၁ ဒေါ်လာနဲ့ဝယ်ပြီး အင်ဒိုနီးရှား ကုမ္ပဏီ Bina Nusantara Perkasa ထံ နောက်ဆုံး အသုံးချမယ့် ကုမ္ပဏီအဖြစ် လိမ်လည်ပြီး ဝယ်ယူခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။
ဆိုနာစနစ်ဟာ စစ်ဘက်လည်းသုံးသလို အရပ်ဘက်အတွက်လည်း သုံးပြီး မြန်မာရေတပ်ဘက်က ဘယ်အတွက်သုံးလဲဆိုတာကိုတော့ မသိရကြောင်း၊ ပြစ်ဒဏ်ကျူးလွန်သူ နှစ်ယောက်ကို လိမ်လည်မှု၊ မဟာဗျူဟာကုန်ပစ္စည်း ရောင်းချမှုစွဲချက်နှစ်ရပ်တင်ထားကြောင်း သိရပါတယ်။
Hydronav ကုမ္ပဏီကို ရောင်းချရမှုကရတဲ့ အမြတ်နဲ့ညီမျှတဲ့ ငွေအပြင် အမေရိကန်ဒေါ်လာ ၁ သန်း၊ ပြစ်မှုကျူးလွန်သူ ပွိုင်တာကို ဒေါ်လာ ၂၅၀၀၀ ကနေ ၃၀၀၀၀ ကြား၊ ဝိုင်အွန်းချွမ်ကို ဒေါ်လာ ၃၀၀၀၀ ကနေ ၃၅၀၀၀ ကြား ဒဏ်ငွေရိုက်ဖို့ ရှေ့နေတွေက တရားရုံးထံတင်ပြတောင်းဆိုထားကြောင်း သိရှိရပါတယ်။