ရှမ်းပြည် တောင်ပိုင်းမှာ ဆန်အပါအ၀င် ကုန်စျေးနှုန်းတွေ ၃ ဆခန့် မြင့်တက်သွားတာကြောင့် အဖွဲ့အတွက် ရိက္ခာ ၀ယ်ယူဖို့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ရှမ်းတောင် ဒေသခံတော်လှန်ရေး တပ်ပေါင်းစု-SSLRU ပြန်ကြားရေး တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။
ရိက္ခာ၀ယ်ယူ စုဆောင်းမှု အပိုင်းမှာ စစ်ကောင်စီ တင်းကြပ်တာတွေ ရှိပေမဲ့ လက်ရှိအချိန်အထိ အဆင်ပြေနေပေမဲ့ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်မားလာတာက စိန်ခေါ်မှု တစ်ခု ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ကုန်စျေးနှုန်းတွေက အရင်ထက် ၃ ဆလောက် မြင့်တော့ ရန်ပုံငွေ အပိုင်းမှာလည်း အဆင်မပြေမှုတွေ ရှိလာပါတယ်။ ဆန်အပါအ၀င် အခြေခံ စားသောက်ကုန် အကုန်လုံးက တက်နေတာ” လို့ သူကရှင်းပြပါတယ်။
လက်ရှိမှာတော့ ဆန်တစ်အိတ်ကို ငွေကျပ် ၈,၀၀၀၀ ခန့်၊ ဆီတစ်ပိဿာကို ၁,၂၀၀၀ ကျပ်၊ ကြက်ဥတစ်ကဒ်ကို ငွေကျပ် ၇,၅၀၀ အထိ ပေး၀ယ်နေရတယ်လို့ ဆိုပါတယ်။
“စျေးက တာ၀တိံသာ ရောက်နေပြီ။ တပ်ပေါင်းစု အတွက်လည်း ရိက္ခာက လိုအပ်နေတာ ဆိုတော့ ၀ယ်ရမှာပဲ။ ပြည်သူတွေလည်း ဆက်လက်ကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ကူညီချင်ရင်တော့ ရှမ်းတောင်တပ်ပေါင်းစုရဲ့ FACEBOOK PAGE တွေမှာ ပါ၀င်လှူဒါန်းလို့ရပါတယ်” လို့ SSLRU ပြန်ကြားရေး တာ၀န်ရှိသူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ၊ စီးပွားရေး ကျဆင်းမှုနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ခက်ခဲနေတဲ့ကြားက တော်လှန်ရေးတပ်ဖွဲ့တွေကို ပါ၀င်လှူဒါန်းပေးနေတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရတယ်လို့ သူကဆိုပါတယ်။
စစ်အာဏာရှင် အမြစ်ပြတ်နိုင်ဖို့ ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ဖြတ်သန်းရမှာဖြစ်လို့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်း လက်တွဲ ဆောင်ရွက်ပေးကြဖို့ ရှမ်းတောင် ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုက မေတ္တာရပ်ခံ ထားပါတယ်။