မွန်ပြည်နယ်၊ ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရဲ့ ဝန်ထမ်းအိမ်ယာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
သထုံခရိုင်တပ်မဟာ(၁)၊ KNLAနဲ့ PDF အဖွဲ့တွေ၊ ပကဖ အဖွဲ့တွေနဲ့ SOF ပူးပေါင်းအဖွဲ့ဝင်တွေ ပူးပေါင်းပြီး မနေ့ကည ၅ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၇ လုံးချကာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဗိုလ်မှူးကျော်နိုင်ဦး အပါအဝင် ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်နှစ်ဦး၊ တပ်သားတစ်ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီထိခိုက်မှုနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းမ်က မြေပြင် အတည်ပြုချက် ရယူနိုင်တာတော့ မရှိပါဘူး။
စစ်ကောင်စီဘက်ကလည်း လက်နက်ငယ်တွေ၊ ၄၀ မမ တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
မွန်ပြည်နယ်အတွင်းမှာ အခုလပိုင်းအတွင်း စစ်ကောင်စီတပ်ရင်းတွေ၊ ရဲစခန်းတွေနဲ့ တပ်စွဲထားတဲ့နေရာတွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာတွေ မကြာခဏရှိလာနေပါတယ်။
အခုလ ၂၄ ရက်နေ့ညပိုင်းကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ကိုစစ်ကြောင်းထိုးဖို့ဝင်လာတဲ့ ခမရ(၂၀၇)ကစစ်ကောင်စီတပ်သားတွေကို ကျိုက်ထိုတော်လှန်ရေးအင်အားစု၊ KNLA နဲ့ ABSDF ပူးပေါင်းအဖွဲ့က တိုက်မိုင်းနဲ့
တိုက်ခိုက်ခဲ့တာမျိုး ရှိခဲ့ပါတယ်။
NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကလည်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေဆီကို ဒရုန်းအစင်းရေ ၄၀၀ ဖြန့်ကျက်ပို့ဆောင်ထားပြီးဖြစ်တယ်လို့ အခုလ ၂၃ ရက်နေ့ကကြေညာထားပါတယ်။