ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံကျေးရွာ အနီးရှိ ခေါက်တုံ စစ်ဘေးရှောင် စာသင်ကျောင်းရှိ ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့မှာ သွားရောက် ကူညီပေးခဲ့တယ်လို့ Dove KK အဖွဲ့ တာဝန်ခံ ကိုနိုင်းနိုင်းက ပြောပါတယ်။
ခေါက်တုံ စာသင်ကျောင်းက ကလေးငယ်တွေ အတွက် သင်ထောက်ကူနဲ့ စာရေးကိရိယာတွေ၊ မုန့်နဲ့ ကွေကာ၊ သီချင်းသီဆိုတာ၊ ကပြတာတွေ၊ စာသင်ကျောင်း ပြုပြင်ဖို့ မိုးကာတွေ၊ အမျိုးသမီးငယ်တွေ အတွက် လစဥ်သုံး ပစ္စည်းတွေ၊ စစ်ရှောင် ပြည်သူတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ သွားရောက် ကူညီပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
“သူတို့ လိုအပ်ချက်တွေက ကျန်းမာရေးနဲ့ စားနပ်ရိက္ခာတွေ ဖြစ်တယ်ပေါ့နော်။ သူတို့တွေ အများဆုံး လိုအပ်တာက ကလေး ပညာရေးပေါ့။ အခုလက်ရှိကတော့ ကလေး ကျောင်းကျန်းမာရေး၊ ပညာရေးနဲ့ သက်ကြီးရွယ်အိုတွေကို ဆေးကုသမှု ပြုလုပ်ပေးဖြစ်တယ်ပေါ့” လို့ သူက ရှင်းပြပါတယ်။
ခေါက်တုံ စာသင်ကျောင်းမှာ မူလတန်းကနေ ၈ တန်းအထိရှိပြီး ကျောင်းသား ၈၈ ယောက်ကို စေတနာ့ ဝန်ထမ်း ဆရာ၊ ဆရာမ ၁၃ ယောက်က ပညာသင်ကြားပေး နေတယ်လို့ သိရပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စာသင်ကျောင်းကို လာရောက်လှူဒါန်းတဲ့ အလှူရှင် နည်းပါးပြီး ကလေးငယ်တွေ အတွက် အဝတ်အစားကအစ လိုအပ်နေတယ်လို့ သိရပါတယ်။
Dove KK အဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လကစပြီး စစ်ဘေးရှောင် ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးကို ပြည်တွင်း ပြည်ပက အလှူရှင်တွေ ကိုယ်စား ကူညီပေးနေတာ ဖြစ်ပါတယ်။