မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါနယ်မှာ ဒေသခံတွေက တောင်းဆိုတာကြောင့် တိုက်ပွဲတွေမှာ လက်နက်ကြီး မသုံးဘဲ လက်နက်ငယ်တွေနဲ့သာ တိုက်ခိုက်နေတယ်လို့ ယောဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPDF) တာဝန်ရှိသူက ပြောပါတယ်။
ဩဂုတ်(၂၇)ရက်က ယောဒေသ ဂန့်ဂေါနယ် အနောက်ခြမ်းက ကျေးရွာတွေထဲ စီးနင်းဝင်မွှေ လုယက်ဖို့ လာရောက်တဲ့ စစ်အုပ်စုနဲ့ ပျူ အင်အား(၈၀)ခန့်ကို ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF)၊ ချင်းကာကွယ်ရေးတပ် – KKG-CDF နဲ့ ချင်းကာကွယ်ရေးတပ် (ဟားခါး) – Hakka CDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး မသုံးခဲ့ဘူးလို့ YPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲ့ဒီ စစ်အုပ်စုနဲ့ ပျူတွေဟာ စစ်အုပ်စုရဲ့ ခြေလျှင်တပ်ရင်း – ခလရ (၅၀) လက်အောက်ခံတွေ ဖြစ်ပြီး နှစ်လ တစ်ကြိမ်ခန့်ဆိုသလို သူတို့ ရိက္ခာပြတ်တိုင်း အခုလို တပ်ရင်းနဲ့ ငါးမိုင် ပတ်လည်မှာ ရှိတဲ့ ရွာတွေကို လာရောက် စီးနင်းဝင်မွှေ လုယက်အကြမ်းဖက်လေ့ ရှိတယ်လို့လည်း ဆိုပါတယ်။
“သူတို့ နားနေတဲ့အချိန်မှာ ဝင်ပြီးတော့မှ တိုက်တာ။ ရှစ်ယောက် ထိဆိုတာကတော့ ခန့်မှန်းပါ။ ကျနော်တို့ မြေပြင်မှာ ပြောတဲ့ ပုံအရဆို သုံးယောက်လောက်ပဲ ချက်ကောင်း ထိမှန်တယ်လို့ ကြားတယ်။ လက်နက်ကြီးတွေနဲ့ မပစ်ဖို့၊ ရွာထဲတွေကို မထုဖို့ ပြောထားလို့ ကျနော်တို့ လက်နက်ငယ်တွေနဲ့ပဲ ဝင်ပစ်တာ။ ဒီနေ့တော့ သူတို့ (စစ်အုပ်စုနဲ့ပျူတွေ) တပ်ရင်းထဲ ပြန်ဝင်သွားပြီ ” လို့ YPDF တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုနဲ့ပျူတွေ ထိခိုက်ဒဏ်ရာရကာ သုံးယောက်ထက်မနည်း သေနိုင်ပြီး တော်လှန်ရေး ရဲဘော်တစ်ဦးလည်း ဒဏ်ရာရတယ်လို့ YPDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယောဒေသမှာ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ စစ်အုပ်စု တပ်စခန်းတွေ၊ ဂိတ်၊ ရုံး၊ အဆောက်အဦးတွေနဲ့ ဝေးရာမှာ နေဖို့လည်း YPDF က ထုတ်ပြန်ထားပါတယ်။