စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူများမှာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(သြဂုတ် ၃၀ ရက်) နံနက် ၂နာရီခန့်က အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊သရက်ခေါင်းကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါ စစ်ကြောင်းကြောင့် ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်း၊ ဖလံချိုင်၊တောင့်တည်းကုန်း၊ညောင်ဇင်ကြီး၊ကိုးမြို့၊ဘိုတဲကုန်း၊မကုန်း၊ပေလည် ကျေးရွာများနှင့် ဇီးကုန်း တိုက်နယ်အတွင်းရှိ သိုးဘိုး၊ငါးရာနဲ၊မင်းဘာ၊လက်ထုပ်ကုန်း၊ရေငတ်ကုန်း၊သရက်ကန်ကြီး စသည့်ကျေးရွာ ၁၄ ရွာထက်မနည်းမှာ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
“မနက် ၂ နာရီဝန်းကျင်လောက်ကြီး ရုတ်တရက်ဝင်လာတာဆိုတော့ ရွာသူ၊ရွာသားတချို့ပိတ်မိတယ်လို့ကြားတယ်။ မိုးထဲရေထဲစစ်ရှောင်ကြရတာဆိုတော့ ဒုက္ခတော်တော်ရောက်နေကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ကောင်စီတပ်သည် ခမရ(၃၆၁)မှဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်း မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ ပစ္စည်းများအား အဓမ္မလုယူခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။
ထွက်ပြေးတိမ်းရှောင်လာရသည့် ပြည်သူများမှာ အမိုးအကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။