မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းနဲ့ စားအုန်းဆီတင်သွင်းခွင့် ပါမစ်ရသူတွေကို စစ်ကောင်စီက ဒီနေ့ သြဂုတ် ၃၀ ညနေပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ကနဦးသိရပါတယ်။
စာအုန်းဆီအသင်းဥက္ကဋ္ဌ ဦးဆန်းလင်း အပါအဝင် သွင်းခွင့်ပါမစ်ရ ဆီကုန်သည်တွေဖြစ်တဲ့ ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းခိုင်တို့ ဖမ်းဆီးခံရတယ်လို့ စစ်တပ်လော်ဘီသတင်းတွေက ဆိုပါတယ်။
ဖမ်းဆီးခံရတာ ဥက္ကဋ္ဌအပါအဝင် ၄ ဦးရှိတယ်လို့ မဲခေါင်သတင်းဌာနနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေထံက သိရပေမယ့် ဘယ်နေရာကို ဖမ်းသွားတယ်ဆိုတာတော့ သူတို့လည်း မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက စားသုံးဆီကို ဈေးတင်ရောင်းရင် ဖမ်းဆီးမယ်လို့ သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို သြဂုတ် ၁ ရက်နေ့မှာ ဖွဲ့စည်းထားပါတယ်။