တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဂေါ့အင်းရွာပနီး ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တော်လှန်ရေး ရဲဘော်များ၏ ခဲယမ်း တချို့ ဆုံးရှုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် တီဇစ်ရွာဘက်မှဂေါ့အင်းဘက်ကို နယ်မြေရှင်းလင်းရေး လာသော အင်အား ၈စ ပါ စစ်ကြောင်းကို DDTတပ်ခွဲ(၃)၊ Guerrilla Dawei ပူးပေါင်းတပ်အဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တီဇစ်မှ ဖမ်းဆီးလာသည့် ပြည်သူများကို ပြန်လွှတ်ပေးခဲ့သည်ဟု သတင်းထွက်ပေါ် လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက အသင့်ပြင်ထားသော မိုင်းကွင်းအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ရန် စောင့်ဆိုင်းနေစဥ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူများကို ပြန်လွှတ်ပေးခြင်း မရှိဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးလာသောကြောင့် မစ်ရှင် ဖျက်သိမ်းပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်မှု ရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ဆိုင်ကယ် ၁ စီး၊ M16 ကျည်ဆံ ၅၀ ထောင့် ၊ စနိုက်ပါကျည် ၃၀ ထောင့်၊ ဖုန်း ၂ လုံး နှင့်ဓားမြှောင် ၂ ချောင်း ဆုံးရှုံးခဲ့ရပြီး စစ်သားများက သိမ်းယူသွားကာ ဆိုင်ကယ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ စမ်းလှမ်းရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ခင်၏ နေအိမ်ကို ပြီးခဲ့သည့် ရက်ပိုင်းက DDT တပ်ခွဲ ၃ နှင့် Guerrilla Dawei တို့ ပူးပေါင်း၍ ဝင်ရောက်စီးနင်း တို-က်ခိုက် ခံရပြီးနောက် အောင်ခင်က ခလရ-၁၀၄ တပ်ရင်းမှ စစ်သားများကို တီဇစ်၊ စမ်းလှမ်း၊ ဂေါ့အင်း၊ အောက်ရေဖြူ ရွာတို့ကို နယ်မြေရှင်းလင်းပေးရန် အကူအညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။