နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော်အတွင်း နယ်မြေကွင်းဆင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် လျှို့ဝှက် လုံခြုံရေးများကို ယခင်ထက် အလွန်တိုးမြှင့်၍ သွားလာနေရကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ ရေးဆွဲထားသော ဗိုလ်မှူးကြီးမင်းနောင်၏ ခရီးစဉ်များသည် ပျဉ်းမနားမြို့နယ်နှင့် ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိ စပါးစိုက်ခင်းများ ကြည့်ရှုခြင်း၊ မွေးမြူရေး လုပ်ငန်းများ စစ်ဆေးခြင်း၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်များ ဆီသို့ သွားရောက်ခြင်းဖြစ်သော်လည်း လုံခြုံရေးကို ယခင်ထက် ပိုမိုတိုးမြှင့်ရသည့်အပြင် ခရီးစဉ်တွင် ကင်းပုန်းလုံခြုံရေးများ ရက်ပေါင်းများစွာ ကြိုတင်ချရခြင်း၊ နောက်ဆုံးခရီးစဉ် သွားချိန်အထိ ဖုန်းလိုင်းများ ဖြတ်တောက်သည့် Jammer ကားများ ပါဝင်သည့် လုံခြုံရေးယာဉ်တန်းများ အထူးစီစဉ် လိုက်ပါခြင်းများ ဆောင်ရွက်ရကြောင်း သိရှိရသည်။
“အခုက နေပြည်တော်အတွင်းထဲပေမယ့်လည်း တစ်မြို့နယ်နဲ့ တစ်မြို့နယ် ကားနဲ့ သွားရင် မိနစ်ပိုင်း၊ နာရီပိုင်းနေရာတွေကို စစ်ဗိုလ်ချုပ်တွေ သွားလာရင် လုံခြုံရေးတွေ အထူးစီစဉ်နေရတယ်။ နေပြည်တော်ထဲမှာပါတဲ့ ပျဉ်းမနားနဲ့ ဇမ္ဗူသီရိမြို့နယ်ထဲသွားဖို့တောင် အထူးလုံခြုံရေးချ၊ လုံခြံရေး ယာဉ်တန်းတွေနဲ့သွားလာနေတယ်။ မိုင်းကြောက် တာလည်းပါတယ်” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိ နေပြည်တော်တွင် ယခင်ထက် လုံခြုံရေးများ ပိုမိုတိုးမြှင့်လျက်ရှိပြီး နေပြည်တော်လေဆိပ်၊ အေလာလေတပ်အနီးတို့တွင် ကင်းပုန်းများစွာ ချထားကြောင်း၊ လေဆိပ်နှင့်လေတပ်ကို တိုက်ခိုက်မည်ဆိုသော သတင်းများကြောင့် လုံခြုံရေး အထူးတိုးမြှင့်ထားကြောင်း သိရှိရသည်။