မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာတောင်ဘက်၊ မန်ကျင်းခင်လမ်း၌ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။
ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန် ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာတွင် ညအိပ်ကာ ပြည်သူ့နေအိမ်များကို တစ်အိမ်တက်ဆင်း မွှေနှောက်ရှာဖွေ ခိုးယူကာ နံနက်ပိုင်း ပြန်လည် ထွက်ခွာ လာသော အင်းအား ၈၀ ကျော်ပါ စစ်ကြောင်းမှ ရှေ့ပြေးပွိုင့် ၁၀ ဦးကို ပိန္နဲသီး ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ဖောကား ဖြင့် ထီးလင်းမြို့သို့ သယ်ဆောင်သွားကာ သေဆုံး ခဲ့သော စစ်သားများကို အခမ်းအနားဖြင့် ထီးလင်းမြို့ သင်္ချိုင်း၌ မီးရှို့သင်္ဂြိုလ်ခဲ့ ကြောင်း သိရသည်။
“တစ်အိမ်တက်ဆင်းအကုန်ရှာဖွေပြီး ခိုးသွားတာ၊ တော်တော်များများ ပါသွား တယ်၊ တန်ဖိုးကြီးပစ္စည်း တွေခိုးသွားတယ်၊ ရိက္ခာတွေယူသွားတယ်၊ အဲလိုပုံစံ နဲ့သွားတာ၊ ဘယ်လောက်ပါသွားတယ်ဘာညာ တော့ အတိအကျမသိရသေးဘူး၊ ထီးလင်းမြို့မဝင်ခင် သရခါကျေးရွာအထိ အလောင်းတွေနဲ့ ဒဏ်ရာတဲ့ သူတွေ ကို ကားနဲ့သွားကြိုတာ၊ မနေ့က ညနေကပဲ ထီးလင်းမြို့ထဲအထိ ပြန်ဝင်သွား ပြီ” ဟု YRA ထီးလင်းတပ်ဖွဲ့မှ သခင်ဇော်က ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၆ ၊ တပ်ရင်း ၁၇ (YRA ထီးလင်း) တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင် ခဲ့ ကြောင်း၊ ယင်းအကြမ်းဖက် စစ်တပ်စစ်ကြောင်းမှာ ထီးလင်းမြို့ အထိုင်တပ်မ ၇၇ ဖြစ် ကြောင်း သိရ သည်။