မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မကွက်သစ်ရပ်ရှိ မြို့အ၀င်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် OPRF-PLA အဖိ နှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ် ဘန်ကာကို ယမန်နေ့ ဩဂုတ် ၂၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်၀န်းကျင်ခန့်တွင် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘန်ကာကို အနီးကပ်သွားပြီး ပစ်ခဲ့တာပါ။ အထဲမှာ ထိုင်နေတဲ့ စစ်သား နှစ် ယောက် သေတယ်။ အရင် အဲ့ဒီဘန်ကာထဲက စစ်ကောင်စီတပ်သားတွေကို ဝင်ဆော်တာ တစ် ယောက်ပဲ ဒဏ်ရာရလို့ ထပ်ပြီးတော့ ကျသွားတဲ့အထိ ဝင်ဆော်တာပါဗျ” ဟု OPRF-PLA အဖိ နှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုမှ ပြန်ကြားရေးတာ၀န်ခံ ရဲဘော်ကျော်ကြီး က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့မှ ရဲ ဘော်နှစ်ဦးမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင် ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆို သုံးကြိမ်ရှိပြီ ဖြစ်ကြောင်း OPRF-PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုထံက သိရသည်။