ဧရာဝတီတိုင်း လေးမျက်နှာမြို့ရှိလမ်းဆုံနေရာ၌ သြဂုတ်လနောက်ဆုံးအပတ်ကစ၍ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့မှ လမ်းအသွားအလာသူများအား အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်စစ်ဆေးကာငွေကျပ်တစ်သောင်းမှ တစ်သိန်းထိငွေညစ်တောင်းခံမှုရှိလာကြောင်းမြို့ခံများထံကသိရသည်။
စစ်ကောင်စီတပ်မှ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကိုမကြာခနခေါ်ဆောင်၍ လမ်းသွားလာသူများကိုလက်ကိုင်ဖုန်းစစ်ဆေးကာ မသင်္ကာသူများကို ငွေညှစ်နေခြင်းဖြစ်ကြောင်း ဒေသခံများမှ ပြောသည်။
” ပြည်သူ့စစ်တွေလားတော့မသိဘူး၊ စစ်ယူနီဖောင်းတွေနဲ့ရော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကိုပါခေါ်လာပြီးစစ်နေတာ။လက်ကိုင်ဖုန်းဖွင့်ခိုင်းတယ်။မှတ်ပုံတင်တို့တောင်းစစ်တယ်။သူတို့မေးရင်အဆင်မပြေပြောတတ်တဲ့သူကျရင်ရစ်တော့တာပဲ။ငွေပေးမှပဲပြန်လွှတ်ပေး တယ်။ငွေကအတိအကျမရှိဘူး။ပါတဲ့ငွေအကုန်သိမ်းတာ။ကျွန်တော်ဆိုမှတ်ပုံတင်မပါလို့ လက်ထဲရှိတဲ့ ၆သောင်း ပေးလိုက်ရတယ်” ဟုကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်မှ မြို့တွင်းရှိ မြို့နယ်စိုက်ပျိုးရေးရုံး၊မြို့နယ်စည်ပင်ရုံး၊မြို့နယ်ပညာရေးမှူးရုံးစသည့်လမ်းဆုံနေရာနှင့် ဗိုလ်ချုပ်လမ်း၊လမ်းမတော်လမ်းစသည်တို့၌ သြဂုတ်လ၂၄ ရက်ကစ၍ ငွေညှစ်တောင်းခံမှုများပြုလုပ်နေခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံကသိရသည်။
” အခုရက်ထဲ ရဲတွေစစ်တပ်တွေကိုအရင်လိုယူနီဖောင်းတွေမဟုတ်တော့ဘူး။ အရပ်ဝတ်တွေနဲ့ဝပ်ကင်းလုပ်နေတာ တို့စုံစမ်းတာတို့လုပ်လာတယ်။မြို့ထဲကရုံးနေရာလမ်းဆုံတွေဗိုလ်ချုပ်လမ်းတို့လမ်းမတော်နေရာတွေမှာအင်အားပိုချထားတယ်။တခါတလေ ပြည်သူ့စစ်တွေခေါ်ပြီးစစ်တာတွေပါလုပ်နေတယ်” ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။
လေးမျက်နှာမြို့၌ သြဂုတ်လပထမအပတ်ကစပြီးမြို့အတွင်းအပြင် စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီမှရုပ်သိမ်းခဲ့ပြီးနောက် ကြံ့ခိုင်ရေးပါတီဝင် ၁၀၀ ကျော်ကိုစစ်သင်တန်းပေး၍ ပျူစောထီး(ပြည်သူ့စစ်)အဖွဲ့ ဖွဲ့စည်းကာ မြို့တွင်း၌ လုံခြုံရေးတင်းကြပ်ထားကြောင်းမြို့ခံများထံကသိရသည်။