စစ်အုပ်စုအဓီကအခြေစိုက်ရာ နေပြည်တော်အနီးပါတ်ဝင်းကျင်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေထိုးဖောက်နေရာယူထားပြီဖြစ်တာကြောင့် မကြာခင်နေပြည်တော်ဟာ စစ်အာဏာရှင်တွေရဲ့နောက်ဆုံးသင်္ချိုင်းဖြစ်တော့မယ်လို့ NUG အစိုးရ ကာကွယ်ရေးဒုတိယအတွင်းဝန်က ပြောပါတယ်။
ဩဂုတ် (၂၉) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နှစ်ပတ်တစ်ကြိမ်ထုတ်ပြန်တဲ့ အစီရင်ခံစာအစီအစဉ်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ခုလိုပြောဆိုလိုက်တာပါ။
ဒါအပြင် လက်ရှိမှာ ဧပရယ်ကနေ ဇူလိုင်လအထိ (၄) လတာအတွင်း စစ်အုပ်စုဘက်က ဘက်ပြောင်းခိုလုံလာတဲ့ စစ်သည်အရာရှိ (၅၀၀) ခန့်ရှိပြီး တပ်အတွင်းမှာပဲဆက်ရှိပြီး အတွင်းသတင်းပေးအဖြစ် တော်လှန်ရေးအောင်မြင်အောင်ကူညီပေးနေတဲ့ ဖရဲသီးတွေလည်း စစ်အုပ်စုရဲ့တပ်တွင်းဌာနတိုင်းမှာရှိနေပြီလို့ဆိုပါတယ်။
သြဂုတ် (၁၀) ရက်ကနေ (၁၂) ရက်အထိ နေပြည်တော် ပျဥ်းမနားမြို့နယ်ထဲက ဘို့မသံတောင် စစ်အုပ်စု စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ရာ သြဂုတ်(၁၁)ရက်မှာ စစ်အုပ်စုက လေကြောင်း အသုံးပြုပြီး ပေါင်(၅၀၀) ဗုံးတွေ အပါအဝင် တိုက်ပွဲဖြစ်ရာ နေရာအနီး တိုက်လေယာဉ်နဲ့ ဗုံးကျဲခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ တော်လှန်ရေးအဖွဲ့တွေဘက်က စစ်အုပ်စုရဲ့ ဘို့မသံတောင် စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု (၅၀) နီးပါး သေကာ သေတဲ့ ဗိုလ်မှူးကိုင်တဲ့ ပစ္စတိုသေနတ်၊ RPG အပါအဝင် လက်နက်တွေ သိမ်းဆည်း ရမိတယ်လို့လည်း နေပြည်တော် PDF က ထုတ်ဖော်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကလည်း နေပြည်တော်နဲ့ ပျဉ်းမနားမြို့နယ် အစပ်မှာ ရှိတဲ့ စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း – ခမရ (၆၀၄) နဲ့ ခမရ (၆၀၅) ကြားမှာရှိတဲ့ မြွေဟောက်မြောင် စခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ဘူးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်အုပ်စုရဲ့ နေပြည်တော်ကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ဖို့ စစ်ရေး စီမံချက်ချမှတ်ကာ လမ်းအားလုံးနေပြည်တော်သို့ဆိုတဲ့ စစ်ဆင်ရေးကိုအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။